သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခတွေကြောင့် မြန်မာကလေးငယ်တွေအပေါ်သက်ရောက်မှု လုံခြုံရေးကောင်စီ အလွတ်သဘော ဆွေးနွေး


ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီ Arria-formulat အလွတ်သဘောဆွေးနွေးပွဲ (မေ ၃၀၊ ၂၀၂၄)
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီ Arria-formulat အလွတ်သဘောဆွေးနွေးပွဲ (မေ ၃၀၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ဆက်တွဲဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ကလေးငယ်တွေနဲ့ လူငယ်တွေအပေါ် သက်ရောက်ထိခိုက်နေတဲ့ အခြေအနေကို New York မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေ အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။ စစ်အာဏာသိမ်းလိုက်တဲ့အတွက် မြန်မာနိုင်ငံက ကလေးငယ်နဲ့လူငယ် ထက်ဝက်ကျော် ကျောင်းမတက်နိုင်တော့တာ၊ ပုံမှန် ကာကွယ်ဆေးတွေ မထိုးနိုင်တော့တာနဲ့ အများအပြားဟာ အာဟာရချို့တဲ့သွားမှာ စိုးရိမ်ရလောက်အောင် အစားအသောက် မဖူမလုံဖြစ်နေတဲ့ အခြေအနေတွေကို အစည်းအဝေး ဦးဆောင်ကျင်းပတဲ့ ဗြိတိန်နိုင်ငံ ကုလသမဂ္ဂဆိုင်ရာ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် James Kariuki က ထောက်ပြခဲ့ပါတယ်။

အခြေအနေ ပိုဆိုးလာတဲ့ အစားအသောက် မဖူမလုံဖြစ်နေမှုအပေါ် နိုင်ငံတကာအသိုင်းအနေနဲ့ ပိုပြီး အာရုံစိုက်ကြဖို့၊ ကလေးငယ်တွေနဲ့ လူငယ်တွေအတွက် ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှု ပိုရရှိအောင် လုပ်ပေးဖို့နဲ့ ပဋိပက္ခတွေကြား ကလေးငယ်တွေ သေဆုံးနေရမှု အဆုံးသတ်အောင် အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်ဖို့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၂၆၆၉ မှာပြောထားတဲ့အချက်ကို ထပ်မံတောင်းဆိုပါတယ်လို့ ဗြိတိန်သံအမတ်ကြီးက Arria-formula စည်းဝေးပွဲမှာ ပြောကြားသွားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေရဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက ကလေးငယ်တချို့ကိုယ်တိုင် သူတို့ရဲ့ အနာဂတ် မရေမရာဖြစ်နေတဲ့ ခံစားချက်တွေပြောထားကြတဲ့ ဗီဒီယိုရုပ်သံကိုလည်း ပြသခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ပွဲတွေကြောင့် ကလေးငယ်တွေ အသက်လုထွက်ပြေးနေကြရတဲ့အခြေအနေ၊ ဖမ်းဆီးခံနေရတဲ့ အခြေအနေ၊ လွတ်လပ် လုံခြုံမှု မရှိတဲ့ အခြေအနေတွေကို ပါဝင်ဆွေးနွေးကြတဲ့ နိုင်ငံတွေက မီးမောင်းထိုးပြခဲ့ကြပါတယ်။

ကျေးရွာတွေကို မီးရှို့ဖျက်စီးနေတာအပါအဝင် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို အမေရိကန်ပြည်ထောင်စုက အပြစ်တင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကလည်း ဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။ စစ်တပ်အနေနဲ့ လေယာဉ်ဆီတွေ မရနိုင်အောင် ကန့်သတ်မှုတွေလုပ်ပေးဖို့အတွက်ကိုလည်း လုံခြုံရေးကောင်စီကို အမေရိကန် တောင်းဆိုခဲ့ပါတယ်။

လူသားချင်းစာနာတဲ့ အကူအညီတွေကို အထူးသဖြင့် စစ်ပွဲတွေဖြစ်နေတဲ့နေရာက ပြည်သူတွေအတွက် အတားအဆီး မရှိပို့ဆောင်ပေးနိုင်ဖို့ အဓိကလိုအပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူတွေ အသက်ဆုံးရှုံးနေရတာနဲ့ အိုးအိမ်တွေဖျက်စီးခံနေရတာကို အကာအကွယ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ တာဝန်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက New York မြို့ ကုလသမဂ္ဂရုံးချုပ်မှာ အဖွဲ့ဝင်နိုင်ငံတွေ အလွတ်သဘော ဆွေးနွေးပွဲအတွင်း ထောက်ပြပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်ကျော်အတွင်း လူပေါင်း ၃ သန်းကျော် အိုးအိမ်ပစ် ထွက်ပြေးနေကြရတာမှာ ၃ ပုံ ၁ ပုံက ကလေးငယ်နဲ့ လူငယ်တွေဖြစ်နေတာကြောင့် သူတို့ရဲ့ ရှေ့ရေး အနာဂါတ်ကို ဘယ်လိုကာကွယ်ကြမလဲဆိုတာကို မေလ ၂၉ ရက် ဗုဒ္ဓဟူးနေ့က ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG