သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်မယ့်အရေး ကုလနဲ့ အမေရိကန်သတိပေး


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)

တိုင်းရင်းသားဒေသတွေ အပါအဝင် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် အရပ်သားတွေ ထိခိုက်မယ့်အရေး ကုလသမဂ္ဂနဲ့ အမေရိကန်တို့က သတိပေးနေပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ လပတ်အစီရင်ခံစာမှာတော့ တိုက်ပွဲတွေ ကျယ်ပြန့်လာတာနဲ့အမျှ အရပ်သားတွေ ကာကွယ်စောင့်ရှောက်မှု ရရှိရေးအတွက် စိုးရိမ်မှုတွေလည်း ကြီးထွားလာနေတယ်လို့ ပြောဆိုထားတာပါ။

မြေမြှုပ်မိုင်းအပါအဝင် ပေါက်ကွဲ‌မှု အန္တရာယ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေဟာ ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေဟာ ပိုပြီးဆိုးဆိုးရွားရွားဖြစ်နေတယ်လို့လည်း ပြောပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ခန့်မှန်းခြေ လူဦးရေ ၃ သန်းကျော်လောက်ဟာ ပြည်တွင်း အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရတာဖြစ်ပြီး၊ မကြာခင်ကျရောက်တော့မယ့် မိုးတွင်းကာလမှာတောင် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိမယ့် လုံခြုံတဲ့ အမိုးအကာတွေ မရှိဘဲ နေထိုင်နေရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကလည်း ရခိုင်ပြည်နယ်တောင်ပိုင်း ငပလီကမ်းခြေအနီးမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ တနေ့တခြား ပြင်းထန်လာသလို သံတွဲလေဆိပ်ကိုလည်း ပိတ်ထားလိုက်ပြီ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွင်း ခရီးသွားနေတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ သတိထားသွား လာကြဖို့ ပြီးခဲ့တဲ့ စနေနေ့မှာပဲ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံရောက် အမေရိကန်နိုင်ငံသားတွေ အနေနဲ့ သတိထားသွားလာကြဖို့ သတင်းအချက်အလက်တွေကို နားစွင့်ဖို့၊ သံရုံးနဲ့ အဆက်အသွယ်မပြတ်ဖို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG