သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ဘိန်းမှာ ဒေသခံကျေးရွာတွေ လုယက်ခံရ 


Lion Battalion Commando-ဗျူဟာစစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှာထုတ်ပြန်ထားသည့် ကော့ဘိန်းရွာ မြင်ကွင်း
Lion Battalion Commando-ဗျူဟာစစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှာထုတ်ပြန်ထားသည့် ကော့ဘိန်းရွာ မြင်ကွင်း

စစ်ကောင်စီပြန်ပြီးထိန်းချုပ်ထားတဲ့ မွန်ပြည်နယ် ကော့ဘိန်းမှာ ဒေသခံတွေရဲ့ အိုးအိမ်ပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်လုယက် သိမ်းဆည်းနေကြောင်း ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လက ကော့ဘိန်းရဲစခန်းကို တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက်ပိုင်း ဒေသခံတွေ လုံခြုံရေးအတွက်လည်း စိုးရိမ်နေကြပါတယ်။ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။

ကရင်ပြည်နယ်နဲ့ နယ်စပ် မွန်ဘက်မှာရှိနေတဲ့ ဒေသတွေမှာ ပြီးခဲ့တဲ့ လတွေက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ ကော့ဘိန်း၊ တရနာ၊ ဓမ္မသ၊ သံကလောင် အစရှိတဲ့ ရွာတွေက ဒေသခံတချို့ နေရပ်ပြန်လာပြီး နေထိုင်နေကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်တပ်စွဲခဲ့တဲ့ ရပ်ကွက်ကျေးရွာထဲမှာ နေအိမ်တွေထဲ ဖောက်ထွင်းမွှေနှောက်ခံရပြီး ရွှေ၊ ငွေ၊ မီးစက်၊ ဆိုလာပြားအစရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေ မြန်မာစစ်သားတွေက ယူဆောင်သွားတယ်လို့ ကော့ဘိန်းဘက်က စစ်ရှောင်အရေး ကူညီနေသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“စစ်ကောင်စီ သူတို့ နေတဲ့ရပ်ကွက်မှာပဲ အဲ့မှာအိမ်ဖောက်ခံထိတယ်။ တခြားရပ်ကွက်မထိဘူး၊ အများကြီး သူတို့အဲ့မှာ တက်မွှေတာပေါ့။ သူတို့ အဲ့မှာ တံခါးဖောက် ရှိတဲ့ပစ္စည်း သူတို့လိုက်မွှေ၊ တန်ဖိုးရှိတဲ့ ပစ္စည်းဆို မွှေပြီး သူတို့ယူသွားတာ။ ဒီအိမ်သုံးပစ္စည်းတွေ သိပ်မယူကြဘူး။ အများကြီး သူတို့ယူတာက မီးစက်တွေ ဆိုလာပြားတွေ ဒါပဲ သူတို့ယူသွားတာ။ ပြီးတော့ အဝတ်အစားကြားမှာ နေအိမ်မှာ ရွှေ၊ ငွေ ဖွတ်ထားတာရှိတာပေါ့ အဲ့လိုမျိုးပစ္စည်းတွေ သူတို့ယူသွားတယ်။ နောက်ပြီးတော့ စားစရာတွေ ဆန်တွေ၊ ငရုတ်သီး၊ ဆီ၊ ဆားတွေ အဲ့လို သူတို့ယူတယ် ဖောက်ခံထိတာ များတယ်။”

စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ခဲ့တဲ့ သံကလောင်၊ တရနာ၊ ကော့စွယ် အစရှိတဲ့ ကျေးရွာတွေမှာ ဆိုရင်လည်း ဆိုင်ကယ်တွေ ယူသွားတယ်လို့ လုံခြုံရေးအရ နာမည် မဖော်ပြောလိုတဲ့ ရွာခံတစ်ဦးက ဗွီအိုအေကို ခုလို ပြောပါတယ်။

“သူတို့နေတဲ့ ရပ်ကွက်မှာဆိုရင် တစ်အိမ်ဝင် တစ်အိမ်ထွက် ဝင်မွှေတယ်။ ဈေးဆိုင်တွေ ကုန်ဆိုင်တွေက ပိုမွှေခံရတယ် အစားအသောက်တွေ ပစ္စည်းတွေယူသွားတယ်။ ပြီးတော့ မိန်းကလေးတစ်ယောက် မုဒိမ့်ကျင့်ခံရတယ် ပြောတယ် ဘယ်သူခံလဲတော့မသိဘူး။ ကော့ဘိန်းမှာတော့ ဆိုင်ကယ်တွေ မပျောက်ဘူး၊ သံကလောင်ရွာတို့ တရနာရွာတို့ ကော့စွယ်၊ ကော့သပ် ကျွန်းကုန်း အစရှိတဲ့ရွာတွေဘက်မှာ ဆိုင်ကယ်တွေ အများကြီးခိုးယူခံရတယ်။ လူအိမ်မရှိတဲ့တွေ မွှေခံရတယ်။ သံကလောင်ရွာက အိမ်တစ်အိမ်မှာဆိုရင် ဆိုင်ကယ် ၂စီးပျောက်သွားတယ်။ အဲ့ရွာတွေမှာ ဆိုင်ကယ် ၄၊ ၅စီး ယူသွားတယ်ပြောတယ်။ စစ်ကောင်စီက သူတို့သွားရောင်စားကြတာပေါ့။” မွန်ဘာသာနဲ့ ပြောဆိုသွားပါတယ်။

ဒေသခံတွေ ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ ဒေသခံတွေအတွက် ဘေးလွတ်ရာမှာ ခိုးလှုံနေရတာ အချိန်ကြာတာနဲ့ အမျှ အခက်အခဲမျိုးစုံ ရင်ဆိုင်ခဲ့ရပြီး မိုးတွင်းကာလမှာ အဆင်မပြေမှုတွေနဲ့ ပိုမိုကြုံတွေ့လာနိုင်တာမို့ လုံခြုံမှုမရှိသေးပေမဲ့ နေရပ်ပြန်လာကြတာလို့ စစ်ရှောင်အရေး ကူညီနေသူတဦးက ခုလိုပြောပါတယ်။

“သတိထားပြီး နေနေရတယ်။ လုံခြုံမှုကတော့ စိတ်မချရဘူး။ ဒရုန်းလည်း ကြောက်ရတယ်။ ပြီးတော့ စစ်ကောင်စီလက်နက်ကြီးလည်း ကြောက်ရတယ်၊ အမျိုးစုံပေါ့ ကြောက်နေရတာ။ ဒီမိုးတွင်းပိုင်းတော့ တခြားရွာမှာသွားနေနေရင် အခက်အခဲတွေ အများကြီးကြုံနေရတယ်လေ။ သူများအိမ်မှာ သွားကပ်နေနေတယ်ဆို အခက်အခဲဖြစ်တယ်။ ကိုယ့်ရွာမှာ ရသလောက် ပြန်နေနေရတယ် အဲ့လိုမျိုး။”

မွန်နဲ့ကရင်ပြည်နယ်စပ် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူစဥ်။ (မတ်လ ၂၅၊ ၂၀၂၄/Lion Battlian)
မွန်နဲ့ကရင်ပြည်နယ်စပ် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူစဥ်။ (မတ်လ ၂၅၊ ၂၀၂၄/Lion Battlian)

ဇွန်လ ၁၆ ရက်နေ့ကလည်း ကော့ဘိန်းကျေးရွာမှာ ဒရုန်းဗုံးသီး ၂လုံး ဗုံးပေါက်ခဲ့ပြီး လူအထိအခိုက်ရှိမရှိ မသိရသေးသလို ဘယ်အဖွဲ့က လုပ်သလဲဆိုတာ မသိရသေးလို့ ရွာခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့တုန်းက မွန်-ကရင်နယ်စပ် ကော့ဘိန်းကျေးရွာ နယ်မြေရဲစခန်းသိမ်း တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ကော့ဘိန်းအပါအဝင် ကျေးရွာအများအပြား သောင်းနဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

လက်လွှတ်ဆုံးရှုံးခဲ့တဲ့ ကော့ဘိန်းနယ်မြေရဲစခန်းကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ပြီးခဲ့ ဧပြီ ၂၅ ရက်နေ့တုန်းက စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ လေကြောင်း၊ ရေကြောင်းအသုံးပြု ထိုးစစ်ဆင်ပြီးပြန်လည် သိမ်းယူခဲ့ပါတယ်။ အဲ့ဒီနောက် စစ်ကောင်စီလက်အောက် မွန်ပြည်နယ်အစိုးရအဖွဲ့က ဒေသအခြေအနေ တည်ငြိမ်းမှုရှိနေပြီးဖြစ်လို့ ဒေသခံတွေ နေရပ်ပြန်လာကြဖို့ တိုက်တွန်းခဲ့တယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ကျေးရွာဘုန်းကြီးကျောင်းနဲ့ ရွာအစွန့်အဖျားရပ်ကွက်တွေမှာ လက်ရှိချိန်ထိ စစ်ကောင်စီတပ်တွေ တပ်စွဲယူထားဆဲဖြစ်တာကြောင့် နေရပ်ပြန်လာတဲ့ ဒေသခံတွေ ရွာထဲမှာ သတိနဲ့ နေထိုင်နေကြပါတယ်။

Forum

XS
SM
MD
LG