သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ သတင်းသမားတွေ ပြန်လွှတ်ဖို့ မြန်မာစစ်အာဏာပိုင်တွေကို ကုလတောင်းဆို


Police arrest Myanmar Now journalist Kay Zon Nwe in Yangon on February 27, 2021
Police arrest Myanmar Now journalist Kay Zon Nwe in Yangon on February 27, 2021

[ Zawgyi ]

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ ဒါဇင်နဲ့ချီတဲ့ သတင်းသမားတွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ သတင်းသမား ၉၃ ယောက်ထက်မနည်း ရှိခဲ့ပြီး ၅၄ ယောက် ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ အရာရှိတွေကို ကိုးကားပြီး အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေထဲမှာ ထောင်ဒဏ်အပြစ်ပေး ခံခဲ့ရသူတချို့ ရှိသလို၊ ပြန်လွှတ်ပေးခဲ့သူတွေလည်း ရှိပါတယ်။ ဖမ်းဆီးခံရတဲ့ သတင်းသမားတွေထဲက ကမာရွတ်မီဒီယာက အမေရိကန် နိုင်ငံသား ကိုနေသန်မောင် ကိုတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အာဏာပိုင်တွေ ပြန်လွှတ်ပေးခဲ့ပြီး၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို သတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်သတင်းထောက် Yuki Kitazumi ဟာလည်း မေလလယ်မှာပဲ ပြန်လွတ်လာခဲ့တာပါ။

မြန်မာသတင်းသမား တချို့ကိုလည်း ပြန်လွှတ်ပေးခဲ့တာ ရှိပေမဲ့ Frontier Myanmar သတင်းဌာနက အယ်ဒီတာတဦးဖြစ်သူ အသက် ၃၇ နှစ်အရွယ် အမေရိကန်နိုင်ငံသား Danny Fenster အပါအဝင် သတင်းသမား အများအပြားကို ဆက်လက် ဖမ်းဆီးခံထားဆဲ ဖြစ်တဲ့အတွက် ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုနေကြပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ ဒီမိုကရေစီ စနစ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့အတွက် သတင်းထောက်တွေ အပါအဝင် မတရား ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာ ၈ ခုရဲ့ လုပ်ငန်းလိုင်စင် သိမ်းခံခဲ့ရသလို၊ ဒီသတင်းဌာနတွေမှာ အလုပ်လုပ်နေကြသူတွေ ဖမ်းဆီးခံရမှာကို စိုးရိမ်ရကြောင်းနဲ့ အများအပြားဟာလည်း တိမ်းရှောင်နေကြရတယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်



[ Unicode ]






XS
SM
MD
LG