ကမ္ဘာ့နိုင်ငံအတော်များများက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးတွေ အကြီးအကျယ် ဖိနှိပ်ခံနေရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရက်စ်ကမတ်လ ၁၀ ရက်နေ့မှာစတင်တဲ့ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂရဲ့ အမျိုးသမီးများအခြေပြုကော်မရှင် CSW ညီလာခံမှာ ပြောဆိုလိုက်ပါတယ်။
“အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ ဖိနှိပ်ခံနေရပါတယ်။ အမျိုးသားတွေ ကြီးစိုးခဲ့တဲ့ ခါးသီးတဲ့ခေတ်ကို ပြန်သွားနေပါတယ်။ တိုးတက်မှုတွေရထားတဲ့ အမျိုးသမီး အခွင့်အရေးတွေလည်း ဖျက်ဆီးခံနေရပြီး အန္တရာယ်ရှိတဲ့ ပုံစံသစ်တမျိုး ပေါ်ပေါက်လာနေပါပြီ" လို့ နယူးယောက်မြို့မှာကျင်းပတဲ့ CSW ညီလာခံအဖွင့်မိန့်ခွန်းမှာ ကုလအတွင်းရေးမှုးချုပ်က ပြောဆိုသွားတာပါ။
ညီလာခံဥက္ကဋ္ဌအဖြစ် ဆော်ဒီအာရေဗျက တာဝန်ယူထားတဲ့ CSW ညီလာခံမှာတော့ ကျားမ တန်းတူညီမျှရေးနဲ့ပတ်သက်လို့ တိုးတက်မှုတွေကိုရော စိန်ခေါ်ချက်တွေကိုပါ ကမ္ဘာ့ခေါင်းဆောင်တွေ ဆွေးနွေးကြတာဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ရယူထားရတဲ့ မျိုးပွါးမှုအခွင့်အရေး၊ စီးပွါးရေး တန်းတူညီမျှရေးနဲ့ ဥပဒေရဲ့ အကာအကွယ်ပေးမှုတွေပါ ဆုတ်ယုတ်ကျဆင်းလာနေတယ်လို့လည်း အတွင်းရေးမှုးချုပ်က ပြောကြားသွားပါတယ်။ နိုင်ငံအတော်များများက အမျိုးသမီးနဲ့ မိန်းကလေးတွေဟာ အခြေခံ အခွင့်အရေးတွေတောင် ငြင်းပယ်ခံနေရတယ်လို့လည်း အတွင်းရေးမှုးချုပ်က ပြောကြားသွားပါတယ်။
ကုလသမဂ္ဂ အမျိုးသမီးရေးရာဌာန အမှုဆောင်ညွှန်ကြားရေးမှုး Sima Bahous ကလည်း ၂၀၂၅ ခုနှစ်ဟာ အမျိုးသမီးအခွင့်အရေးအတွက် အပြောင်းအလဲတွေ ဖော်ဆောင်ရမယ့်နှစ် ဖြစ်တယ်လို့ပြောပါတယ်။
ကာလကြာရှည် တိုက်ပွဲဝင်ခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ ဒီနှစ်ထဲ ပိုအားကောင်းလာဖို့၊ အပြောင်းအလဲတွေ အရေးတကြီးဖော်ဆောင်ဖို့နဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်အားလုံး တန်းတူညီမျှမှုရှိရေး ပိုပြီး အားသွန်ခွန်စိုက် ဆောင်ရွက်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။
CSW ညီလာခံကို မတ်လ ၁၀ ရက်နေ့ကနေ ၂၁ ရက်နေ့ထိ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပမှာဖြစ်ပါတယ်။
Forum