သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ တွေ့ရှိချက် မြန်မာအစိုးရပယ်ချ


ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ တင်ပြချက်တွေကို လက်မခံကြောင်း မြန်မာအစိုးရက ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးဖို့ တရက်အလိုမှာ အစီရင်ခံစာ ထုတ်ပြန်လိုက်တဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကိုလည်း မူလကတည်းက မြန်မာအစိုးရက အသိအမှတ်ပြု လက်ခံမထားကြောင်းလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း က ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ်အကြီးအကဲခေါင်းဆောင် ၆ ဦးကို စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာကို လက်မခံကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလ စုံစမ်းရေး အဖွဲ့ကို မူလကတည်းက မမျှတဘူး လို့ ယုံကြည်ထားတဲ့အတွက် ကန့်ကွက်ခဲ့တာ ဖြစ်ကြောင်းလည်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောဆိုခဲ့တာပါ။

"အကြမ်းဖျင်းပြောရမယ်ဆိုရင်တော့ နဂိုကတည်းက fact finding mission ကို ကျနော်တို့က လက်မခံဘူး ။ ဘာဖြစ်လို့လဲဆိုတော့ fact finding mission ကို ဖွဲ့စည်းတဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုလည်း ကျနော်တို့က လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအဖွဲ့အစည်းက တမာသမတ်ကျတဲ့ကော်မရှင်ဖြစ်လိမ့်မယ်လို့ ကျနော်တို့က မခံယူဘူး။ နဂိုကတည်းကိုက ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကို ကျနော်တို့ လက်မခံဘူးဆိုတော့ ထွေထွေထူးထူးတော့ သူတို့တွေ့ရှိချက်ကိုတော့ ပြောစရာမရှိပါဘူး။"

အခုလို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ဘက်က မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ကျူးလွန်သူ စစ်ခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးအရေးယူဖို့ တိုက်တွန်းတဲ့အပေါ်မှာတော့ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအေးလွင်က ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်ထဲမှာလည်း ဖြစ်စဉ်ရဲ့ ရင်းမြစ်အကြောင်းရင်းကိုဖော်ထုတ်ဖို့ အကြံပေးထားတဲ့အကြောင်း အခုလိုပြောပါတယ်။

"ကျနော်တို့ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်မှာလည်း အကြောင်းတွေကို ဇစ်မြစ်ကို Root cause ကိုရှာဖို့လိုပါတယ်။ ကျနော်တို့မြန်မာမှာလည်းရှိပါတယ် "အကြောင်းသိမှ အကျိုးရှိမယ်" အဲဒီတော့ ဇစ်မြစ်ကလေးတွေကို စုံစမ်းပြီးတော့ ဟုတ်ရင်လည်း ဟုတ်တယ်၊ မဟုတ်ရင်လည်း ဖြေရှင်းပြီးသားဖြစ်ပြီးတော့ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အဖြေကိုရှာတဲ့အခါမှာတော့ ဒီလိုစုံစမ်းစစ်ဆေးမှုလေးတွေကနေပြီးတော့ ဒါကမှားတယ်၊ မှန်တယ်ဆိုပြီးတော့ ဆုံးဖြတ်ပြီးတာမှ မဟုတ်ပဲ ။ သူတို့က စုံစမ်းစစ်ဆေးပေးဖို့ဆိုတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ မှန်သည်မှားသည် အပြစ်ဒဏ်ခတ်တာတို့ အပြစ်မရှိဘူးလို့ ပလပ်လိုက်တာတို့ ဆိုတဲ့အဆင့်ကို မရောက်သေးဘူးလို့ ကျနော်ကတော့ နားလည်ပါတယ် ။ သူ့ Statement ကိုနားလည်တာက စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ် ဒီ ပုဂ္ဂိုလ်တွေကို စုံစမ်းစစ်ဆေးပါဆိုပြီးတော့ သူ့အမြင် သူ့ရှု့ထောင့်ကနေတင်ပြတာဖြစ်တယ်လို့ ကျနော်ကတော့နားလည်တယ် အဲဒီမှာအရေးယူတာတို့ ဒဏ်ခတ်တာတို့က မပါသေးဘူးလို့ ကျနော်အဲလိုမြင်ပါတယ်ခင်ဗျ။"

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ က မြန်မာလုံခြံရေး တပ်စခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်း မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းရေးအတွင်း လူသတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ဖမ်းဆီးညှင်းပမ်းမှု၊ ရွာမီးရှို့မှုစတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေကို မှတ်တမ်းတင်ထားတာပါ။ ဒါ့အပြင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲက လူ့အခွင့်ရေး ချိုးဖေါက်မှုတွေကိုလည်း ဖေါ်ပြထားတာပါ။ ဒီအပေါ်မှာတော့ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာအစိုးရကိုယ်တိုင် လွတ်လပ်တဲ့ကော်မရှင်တွေဖွဲ့ပြီး စုံစမ်းစစ်ဆေး ဖော်ထုတ်နေပြီဖြစ်တယ်လို့လည်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကပြောပါတယ်။

"ကျနော်တို့က နဂိုကတည်းကလည်းပြောထားတာပဲ ကျနော်တို့က ကိုယ့်ဟာကို အခုဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်လည်းရှိပြီးပြီ။ အဲဒီကော်မရှင်ကလည်း ဒီတပတ်ထဲကို သူတို့ လုပ်ငန်းစနေပါပြီ။ ကျနော်တို့ဘက်ကတော့ ပြည်တွင်းမှာ ဥပဒေနဲ့အညီ ပြည်တွင်းမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ စပြီးတော့ လုပ်နေပါပြီ။ ဒီလိုလုပ်တဲ့အခါမှာလည်း ပြည်ပကပညာရှင်တွေ ကော်မရှင်ထဲမှာပါတယ်။ နောက်ပြီးတော့ သက်ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ အညီလိုအပ်တဲ့အနေရာမှာ ကျနော်တို့ လုပ်သွားဖို့အစီအစဉ်တွေလည်းရှိတယ်။ လွတ်လွတ်လပ်လပ်ဆောင်ရွက်ခွင့်လည်းကျနော်တို့ ပေးထားပါတယ်။"

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့ထားတဲ့ မြန်မာဆိုင်ရာ စုံစမ်းရေး အဖွဲ့က ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး နောက်တနေ့ အင်္ဂါနေ့မှာပဲ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေးကြဖို့ ရှိပါတယ်။ ဒီနေ့ ကျင်းပမယ့် လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres နဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ဟောလိဝုဒ် သရုပ်ဆောင် Cate Blanchett တို့လည်း တက်ရောက်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

ဒီကနေ့ လုံခြုံရေး ကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးမယ့် အချိန်နဲ့ ကိုက်ပြီး ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့က ဒီအစီရင်ခံစာကို တမင် ထုတ်လိုက်တာ ဖြစ်တယ်လို့ မြန်မာသမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက တုံ့ပြန်ပြီးတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာဆိုင်ရာ အချက်အလက် ရှာဖွေရေး အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို လက်မခံဘူးလို့ ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG