သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူကိုထောက်ခံကြောင်း နိုင်ငံတကာက စကားနဲ့မဟုတ် အလုပ်နဲ့ပြသဖို့လိုအပ် (ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် Tom Andrews)

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews (ဓာတ်ပုံ- United Nations)
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews (ဓာတ်ပုံ- United Nations)

(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေမှာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်တဲ့ အထောက်အထားတွေ ပိုမိုတွေ့ရှိလာနေရကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews ကပြောလိုက်ပါတယ်။

“သတ်ဖြတ်မှု၊ လက်စဖျောက်မှု၊ အပြစ်ပေးအရေးယူ၊ ညှင်းပမ်းနှိပ်စက်မှုတွေ အပါအဝင် လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်ဖွယ်ရှိတဲ့ လုပ်ရပ်တွေကို အရင်ကလိုပဲ ဒီစစ်ခေါင်းဆောင်တွေ ဦးဆောင်တဲ့ မြန်မာစစ်တပ်က ဆက်လုပ်နေတဲ့ အထောက်အထားတွေ ပိုများလာနေပါတယ်။” လို့ Thomas Andrews ကပြောဆိုသွားပါတယ်။

မြန်မာစစ်အာဏာပိုင်တွေ ကျုးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ကျယ်ကျယ်ပြန့်ပြန့်၊ စနစ်တကျနဲ့ ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားတဲ့ အထောက်အထားတွေ တွေ့ရပြီး ဒီလုပ်ရပ်တွေကို တရားရုံးမှာ ဥပဒေနဲ့အညီ စီရင်ဆုံးဖြတ်ရမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ဒီလုပ်ရပ်တွေကို မြန်မာစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေ သိရှိထားကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က လူ့အခွင့်အရေးကောင်စီကို ကြာသပတေးနေ့က မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ တင်ပြရာမှာ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးသူ ၇၀ ထက်မနည်း ရှိနေပြီး၊ ဖမ်းဆီးထားသူ ၂၀၀၀ ကျော် ရှိနေကြောင်းလည်း အထူးကိုယ်စားလှယ်က ပြောပါတယ်။
နိုင်ငံတကာ အသိုင်းအဝန်း အနေနဲ့ မြန်မာပြည်သူတွေအတွက် အားပေးထောက်ခံကြောင်း စကားလုံးတွေ သက်သက် မဟုတ်ပဲ လက်တွေ့ ဆောင်ရွက်မှုတွေနဲ့ သက်သေပြဖို့နဲ့ ချက်ခြင်းလက်ငင်း ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

.....................................................

တိုက်ရိုက် လင့်ခ်



(Unicode)




This item is part of
XS
SM
MD
LG