သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ ရဟတ်ယာဥ်တစင်း ဆိုမာလီစစ်သွေးကြွအဖွဲ့ ဖမ်းဆီးထိန်းသိမ်း


အရှေ့အာဖရိကတိုက်က ပဋိပက္ခတွေဖြစ်နေတဲ့ ဆိုမာလီယာမှာ ကုလသမဂ္ဂ ရဟတ်ယာဉ်တစင်းနဲ့ ခရီးသည်တချို့ကို အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ အယ်လ်ရှာဘတ်က ဗုဒ္ဓဟူးနေ့က ဖမ်းဆီးလိုက်ပါတယ်။

ဆိုမာလီယာအလယ်ပိုင်း Galmudug ပြည်နယ် Xiindheere မြို့အနီး အယ်လ်ရှာဘတ် ထိန်းချုပ်နယ်မြေထဲမှာ အဲဒီ ရဟတ်ယာဥ်က အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ ဆိုမာလီတာဝန်ရှိသူတွေက ဗွီအိုအေ ဆိုမာလီဌာနကို ပြောပါတယ်။ နိုင်ငံခြားသားတွေအပါအဝင် ရဟတ်ယာဥ်ပေါ်လိုက်ပါလာသူ အမှုထမ်းနဲ့ ခရီးသည် (၉) ဦးထဲက အများစုကို အယ်လ်ရှာဘတ်အဖွဲ့ကဖမ်းထားတယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။ အဖမ်းခံရသူတွေထဲမှာ ဘယ်နိုင်ငံသားတွေပါလဲဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

မိုဂါဒစ်ရှူးအခြေစိုက် အရာရှိတဦးကို ကိုးကားပြီး ဝါရှင်တန်ပို့စ် သတင်းစာရဲ့ရေးသားချက်မှာတော့ ရဟတ်ယာဥ်ပေါ်မှာ ဥရောပသား (၄) ဦးနဲ့ အာဖရိကတိုက်သား (၅) ဦးတို့ လိုက်ပါသွားတယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် ရဟတ်ယာဥ် အမှုထမ်း (၁) ဦးသေဆုံးပြီး (၂) ဦးက ဘယ်ရောက်နေလဲ အတိအကျ မသိရသေးဘဲ ထွက်ပြေးလွတ်မြောက်သွားဖွယ်ရှိပြီး ကျန်သူအားလုံးကိုတော့ အယ်လ်ရှာဘတ်အဖွဲ့က ဖမ်းသွားတယ်လို့ ဝါရှင်တန်ပို့စ်က ရေးပါတယ်။

ဆိုမာလီ စစ်ဘက်အရာရှိ ဗိုလ်မှူး ဟက်ဆန်အလီကို ကိုးကားပြီး ရိုက်တာသတင်းဌာနရဲ့ ရေးသားချက်မှာတော့ ရဟတ်ယာဉ်ပေါ်မှာ နိုင်ငံခြားသား အများအပြားနဲ့ ဒေသခံနှစ်ဦး လိုက်ပါသွားတယ်လို့ ဆိုပါတယ်။ ရဟတ်ယာဥ်က လူနာတွေကို ကယ်ထုတ်ပေးတဲ့ အကူအညီပေးရေး ရဟတ်ယာဥ်ဖြစ်ပြီး ဆိုမာလီယာရဲ့ ဗဟိုတောင်ပိုင်းဒေသ Hirshabelle ပြည်နယ် Beledweyne မြို့ကနေ အလယ်ပိုင်းက Galmudug ပြည်နယ် Wisil မြို့ကို ပျံသန်းနေတုန်းမှာ အယ်လ်ရှာဘတ်အဖွဲ့ ထိန်းချုပ်တဲ့ ဒေသထဲ ဆင်းသက်ခဲ့ရတာပါ။

“ရဟတ်ယာဉ်မှာ ပြဿနာ တစုံတရာ ကြုံတွေ့ခဲ့တယ်လို့သိရပြီး လေယာဉ်မှူးက လေထဲမှာ ပေါက်ကွဲပျက်စီးမယ့်အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ အဲဒီမှာ ဆင်းသက်ဖို့ ဆုံးဖြတ်ခဲ့ရတာ” လို့ Galmudug ပြည်နယ်၊ Adado မြို့ ခရိုင်ကော်မရှင်နာ Farah Diriye Warsame က ဗွီအိုအေဆိုမာလီဌာနကို ပြောပါတယ်။ ရဟတ်ယာဥ် ဆင်းသက်အပြီးမှာ အယ်လ်ရှာဘတ်အဖွဲ့ဝင်တွေက ရဟတ်ယာဥ်အမှုထမ်းတွေနဲ့ ခရီးသည်တွေကို ဖမ်းဆီးခေါ်ဆောင်သွားကာ ရဟတ်ယာဉ်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောကြောင်းလည်း Warsame က ပြောပါတယ်။

ဘဲလ် ၄၂၄ အမျိုးအစား ရဟတ်ယာဉ် မှာ “နည်းပညာဆိုင်ရာ ပြဿနာ” ဖြစ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အခြား ဆိုမာလီအစိုးရအရာရှိတဦးကလည်း ပြောပါတယ်။ ဒါဟာ စက်ပိုင်းဆိုင်ရာ ပြဿနာဖြစ်ခဲ့တာလား၊ ဒါမှမဟုတ် အဲဒီ ဒေသကို ထိန်းချုပ်ထားတဲ့ အယ်လ်ရှာဘတ်အဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် စက်ချို့ယွင်းခဲ့လား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အယ်လ်ရှာဘတ်အဖွဲ့ဟာ ဆိုမာလီယာတောင်ပိုင်းနဲ့အလယ်ပိုင်း နေရာအများအပြားကို ထိန်းချုပ်ထားပြီး အနှစ် ၂၀ နီးပါးကြာ ပုန်ကန်နေတာ ဖြစ်ပါတယ်။ ဆိုမာလီအစိုးရဟာ အယ်လ်ရှာဘတ်အဖွဲ့ကို အရှိန်မြှင့်ပြီး နှိမ်နင်းနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG