လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုးလာနေတဲ့အပေါ် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးက ဒီကနေ့ပဲ သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း စစ်တပ်ကြောင့် ပေါ်ပေါက်နေတဲ့ လူ့အခွင့်အရေး အကျပ်အတည်းတွေရဲ့ဒဏ်ကို အရပ်သားတွေ အပြင်းအထန် ခံစားနေရတယ်လို့လည်း လူ့အခွင့်အရေး မဟာမင်းကြီး Volker Türk ကပြောခဲ့တာပါ။
“ခိုင်လုံတဲ့ သတင်းအချက်အလက်တွေအရ အာဏာသိမ်းပြီးနောက်ပိုင်း အခုအချိန်အထိ စစ်တပ်ရဲ့ လက်ချက်ကြောင့် သေဆုံးရတဲ့ အရပ်သား ၄,၂၃၂ ယောက်ရှိခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ လက်စဖျောက်ရှင်းလင်းခံရတာတွေ၊ မတရားဖမ်းဆီးအရေးယူခံရတာတွေအပြင်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ၊ နေရပ်စွန့်ခွာရတာ၊ စာနာမှုအကူအညီတွေ မရတာ၊ နေအိမ်တွေ၊ စိုက်ခင်းတွေ၊ ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတာတွေလို အရပ်သားတွေဟာ မရေမတွက်နိုင်တဲ့ အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။” လို ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အကြိုအဖြစ် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ လူ့အခွင့်အရေး မဟာမင်းကြီးက ပြောကြားသွားတာပါ။
ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေဟာလည်း ပိုဆိုးလာနေသလို၊ ဘေးကင်းလုံခြုံမှုရှိရှိ နေရပ်ပြန်ဖို့ မလွယ်ကူတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး အန္တရာယ်များတဲ့ ရေကြောင်းခရီးနဲ့ ဒေသတွင်းကို ထွက်ခွာတာတွေ ရှိနေတယ်လို့လည်း ထောက်ပြပါတယ်။ အောက်တိုဘာလနှောင်းပိုင်းကစ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဟာ အရေးပါတဲ့ နယ်မြေတချို့ကို လက်လွှတ်ခဲ့ရသလို၊ အရပ်သား ထိခိုက်သေကျေမှုတွေ၊ နေရပ်စွန့်ခွာရမှုတွေ တိုးလာနေတယ်လို့လည်း ပြောပါတယ်။ အရပ်သားတွေကို အကာအကွယ်ပေးနိုင်ဖို့ သက်ဆိုင်သူတွေအားလုံးက ကြိုးပမ်းဖို့လည်း တိုက်တွန်းခဲ့တာပါ။ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး၊ အားလုံးပါဝင်ပြီး ကိုယ်စားပြုမှုရှိတဲ့ အစိုးရတရပ်ပေါ်ပေါက်လာစေမယ့် ငြိမ်းချမ်းတဲ့ အဖြေရှာနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီထက်ပို ကြိုးစားအားထုတ်ဖို့ လိုအပ်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက တိုက်တွန်းသွားခဲ့ပါတယ်။