သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီအလှည့်ကျဥက္ကဌ ကန်သံအမတ်ကြီး မြန်မာ့အရေး ဆက်အာရုံစိုက်မည်


ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်

မြန်မာ့အရေးနဲ့ပတ်သက်လို့ သြဂုတ်လက လုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးပြီးတဲ့နောက် စက်တင်ဘာလမှာ အမေရိကန် ပြည်ထောင်စု အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူတဲ့အခါမှာလည်း မြန်မာ့အရေးကို စိုးရိမ်မကင်း ရှိဆဲဖြစ်တဲ့အတွက် အရေးယူဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က သတင်းထောက်တွေကို အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

သြဂုတ်လက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဗြိတိန်နိုင်ငံက တာဝန်ယူခဲ့စဉ်က မြန်မာ့အရေးကို တံခါးပဖွင့် ဆွေးနွေးခဲ့ပြီးနောက် စက်တင်ဘာလမှာ အမေရိကန်ပြည်ထောင်စုက အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူတဲ့အခါမှာလည်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေအကြား မြန်မာ့အရေးကို အထူး စိတ်ဝင်စားမှု ရှိနေတာကြောင့် ဆက်လက် ဆွေးနွေးသွားဖို့ ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က အင်္ဂါနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

“လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတိုင်းနဲ့ မြန်မာနိုင်ငံအကြောင်း ပြောတဲ့အခါတိုင်း အားလုံးက အထူး စိုးရိမ်ကြတာကို တွေ့ရပါတယ်။ တခြားနိုင်ငံတွေနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာဆိုရင် ကျမတို့အချင်းချင်းကြား ဆွေးနွေးကြတယ်၊ ပြီးတော့ သက်ဆိုင်ရာ အစိုးရကို ကျမတို့ စကားပြောတယ်၊ ပြီးတော့ ရှေ့လုပ်စရာရှိတာတွေကို ဆက်လုပ်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ အစိုးရကိုယ်တိုင်က ပြဿနာရှိတယ်ဆိုတာကို ငြင်းဆိုနေတုန်း ဖြစ်ပါတယ်။ စစ်တပ်ကလည်း သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို တာဝန်ခံဖို့၊ တာဝန်ယူဖို့ ငြင်းဆန်နေတုန်း ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့က မြန်မာနိုင်ငံဟာ အရေးတကြီး ကိုင်တွယ်ရမယ့် ပြဿနာရှိတဲ့နိုင်ငံလို့ သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ ဒီအခြေအနေမှာဘဲ မြန်မာနိုင်ငံအတွင်းမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို စုံစမ်း ဖော်ထုတ်ဖို့ ကြိုးပမ်းကြတဲ့ သတင်းထောက် ၂ ယောက်ဟာလည်း မနေ့ကဘဲ ထောင်ဒဏ် (၇) နှစ်စီ အပြစ်ပေးခံခဲ့ကြရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီအနေနဲ့ ပိုပြီး ကျယ်ကျယ်လောင်လောင် ပြောဆိုရမှာပါ။ အခြေခံအားဖြင့်တော့ အမှန်တရားကို ထုတ်ဖော် ပြောဆိုကြလို့ သူတို့ ၂ ဦး ထောင်ချခံခဲ့ရတာ ဖြစ်ပါတယ်။”

နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက စက်တင်ဘာလ ၃ ရက်နေ့မှာ ဖြစ်မှုထင်ရှား တွေ့ရှိပြီး ထောင်ဒဏ် (၇) နှစ်စီ ချမှတ်လိုက်တဲ့အပေါ် သတင်းထောက်၂ ဦးတို့ဟာ သူတို့တာဝန်ကို ထမ်းဆောင်တဲ့အတွက် အရေးယူခံရတာဟာ မြန်မာအစိုးရအပေါ် ဆိုးဝါးတဲ့ အမဲစက်ထင်စေတဲ့အကြောင်းနဲ့ သူတို့ ၂ ဦးကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ သံအမတ်ကြီး Nikki Haley က တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်ထားပါတယ်။

ကုလသမဂ္ဂ က တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကြားဖြတ် ဒီအစီရင်ခံစာနဲ့ အမေရိကန် နိုင်ငံခြားရေး ဌာနက ရိုဟင်ဂျာပဋိပက္ခ စုံစမ်းရေးကော်မရှင်တို့က ထုတ်ပြန်တဲ့ အစီရင်ခံစာဟာ တူညီပြီး အစီရင်ခံစာ နှစ်ခုစလုံးဟာ အင်မတန် ဆိုးရွားကြောင်းလည်း သံအမတ်ကြီး Nikki Haley က ပြောပါတယ်။

“အမေရိကန်ရဲ့ အစီရင်ခံစာနဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာဟာ တူပါတယ်။ အဲဒီ အစီရင်ခံစာ နှစ်ခုစလုံးဟာ အင်မတန် ဆိုးရွားပြီး အစီရင်ခံစာထဲမှာ တင်ပြထားတဲ့ အထောက်အထားတွေဟာလည်း လူတွေကို စိတ်ထိခိုက်စေတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် အမေရိကန် ပြည်ထောင်စု တခုထဲတင် မဟုတ်ဘဲ လုံခြုံရေးကောင်စီ တခုလုံးက မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို မီးမောင်းထိုး တင်ပြကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေဟာ အင်မတန် ဆိုးရွားနေတယ်၊ အဲဒီလို ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတာကို မြန်မာအစိုးရနဲ့ စစ်တပ်တို့က လက်ခံပြီး အသိအမှတ် မပြုမချင်း ပြေလည်မှာ မဟုတ်ဘူးဆိုတာကို သဘောပေါက် လက်ခံလာအောင် လုပ်ဆောင်သွားမှာပါ။”

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ အမေရိကန်က ထပ်မံ ချမှတ်မယ့် အလားအလာ နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရေးယူမှု လုပ်ဆောင်မယ့် အလားအလာတွေကို အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ သံအမတ်ကြီးရဲ့ သဘောထားကို မေးတာမှာတော့

“အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်မလဲ ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့တော့ အစီရင်ခံစာ ထွက်လာတဲ့အထိ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ပြီးတော့မှ ဘယ်လို လုပ်ဆောင်မယ်ဆိုတာကို ဆုံးဖြတ်ရမှာပါ။ လုံခြုံရေးကောင်စီအတွင်းမှာဆိုရင်လည်း မြန်မာ့အရေးကို လူတိုင်းက စိတ်ဝင်စားပြီး ဆွေနွေးလိုစိတ် ရှိနေကြတာကြောင့် ရှေ့ဆက် ဘာလုပ်ကြမလဲဆိုတာကို ကျမတို့ ထပ်ပြီး ဆွေးနွေးသွားရမှာ ဖြစ်ပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazaar ရှိ ဒုက္ခသည်စခန်းတွေရှိ ရိုဟင်ဂျာ တထောင့် နှစ်ဆယ့်လေးဦးတို့ကို အတွေ့အကြုံရှိတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူးတွေက တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ဒီအစီရင်ခံစာကို နိုင်ငံခြားရေးဌာနက သုံးသပ်နေဆဲရှိပြီး မကြာခင် ထုတ်ပြန်ဖို့ ရှိတဲ့အကြောင်းလည်း နိုင်ငံခြားရေးဌာနက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြောပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့မှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံ အစီရင်ခံစာကို အထွေထွေညီလာခံမှာ တင်သွင်းဖို့ ရှိပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာ အစိုးရဘက်က ဆက်လက် ငြင်းဆန်နေဆဲ ဖြစ်တဲ့အပြင် မကြာသေးခင်က ကျင်းပခဲ့တဲ့ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲအတွင်းမှာလဲ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးကလည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တာတွေကို ငြင်းဆိုခဲ့တာကြောင့် ဒီကိစ္စဟာ ပျောက်ကွယ် မသွားဘဲ လုံခြုံရေးကောင်စီမှာ ဆက်လက် ဆွေးနွေးဖြစ်နေမှာ ဖြစ်တယ်လို့ သံအမတ်ကြီး Haley က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအပေါ် အရေးယူရေးကိစ္စနဲ့ပတ်သက်လို့တော့ အပြောနဲ့တင်မဟုတ်ဘဲ လုံခြုံရေးကောင်စီအနေနဲ့ လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်မျိုး ချရလိမ့်မယ်လို့ သံအမတ်ကြီး Nikki Haley က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG