သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေကို နိုင်ငံတကာအကာအကွယ်ပေးမှု ကျဆင်း


ထွက်ပြေး တိမ်းရှောင်လာကြတဲ့ ဒုက္ခသည်တွေကို Libya ရှိ UNHCR ဝန်ထမ်းမှ ကူညီပေးနေစဉ်
ထွက်ပြေး တိမ်းရှောင်လာကြတဲ့ ဒုက္ခသည်တွေကို Libya ရှိ UNHCR ဝန်ထမ်းမှ ကူညီပေးနေစဉ်

အများကြိုက် နိုင်ငံရေးလုပ်ဆောင်မှုနဲ့ ရွေ့ပြောင်း နေထိုင်သူတွေအပေါ် အကြောက်တရား ဝင်လာအောင် ပြောဆိုမှုတွေဟာ ဒုက္ခသည်တွေကို အကာကွယ်ပေးနိုင်ဖို့ တဖြည်းဖြည်း လျော့လာနေကြောင်း ကုလသဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။ နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ ဖိနှိပ် ညှဉ်းပန်းမှုတွေက ထွက်ပြေး တိမ်းရှောင်လာကြတဲ့ ဒုက္ခသည်တွေကို ဘယ်လို အကာကွယ် ပေးရမလဲဆိုတဲ့အပေါ် စိုးရိမ်မှုတွေ ကြီးထွားလာနေတဲ့အကြောင်း UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအကြီးအကဲက ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ နှစ်ပတ်လည် ညီလာခံအတွင်း အဲဒီလို ပြောကြားခဲ့တာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Lisa Schlein ဂျနီဗာမြို့က သတင်း ပေးပို့ထားတာကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးမှာပါ။

ကမ္ဘာတဝှမ်းဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ ဖိနှိပ် ညှဉ်းပန်းမှုတွေနဲ့ အကြမ်းဖက်တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်ဟာ စံချိန်တင်ပြီး ၆၈ သန်းခွဲအထိ ရှိခဲ့ပါတယ်။ အများစုဟာ ကိုယ့်နိုင်ငံအတွင်းမှာတင် နေရပ် ရွေ့ပြောင်းခဲ့ကြရတာ ဖြစ်ပေမယ့် အဲဒီအထဲက ၂၅ သန်း လောက်ကတော့ ဒုက္ခသည်အဖြစ်နဲ့ တခြားနိုင်ငံတွေကို ရောက်သွားကြပါတယ်။ အဲဒီ ၂၅ သန်းသော ဒုက္ခသည်တွေဟာ နိုင်ငံတကာ နယ်နိမိတ်တွေကို ဖြတ်ကျော်ပြီး ဒုက္ခသည်တွေအဖြစ် ရောက်လာကြတာကြောင့် သူတို့တွေဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ပဋိဉာဏ် စာချုပ်အရ နိုင်ငံတကာရဲ့ အကာကွယ်ပေးမှုကို ရယူပိုင်ခွင့် ရှိပါတယ်။

ဒါပေမယ့် အဲဒီ အခွင့်အရေးဟာ တဖြည်းဖြည်းနဲ့ ကွယ်ပျောက်လာနေပြီဖြစ်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် မဟာမင်းကြီး Volker Turk က ပြောပါတယ်။ တချို့အစိုးရတွေဟာ ဒုက္ခသည် ဘယ်သူဖြစ်သင့်တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံနဲ့ ဥပဒေကြောင်းအရ ကျဉ်းမြောင်းတဲ့စည်းဘောင်တွေ ချမှတ် လုပ်ဆောင်လာနေတယ်လို့ ဆိုပါတယ်။ ကိုယ့်နိုင်ငံကနေ ထွက်ပြေးပြီး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရရေးဟာ သေရေး၊ ရှင်ရေးတမျှ အရေးကြီးတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒုက္ခသည်တွေကို လက်မခံဘဲ ငြင်းဆန်ဖို့အတွက် လုံခြုံရေးဆိုတဲ့ အကြောင်းပြချက်ကို မကြာခနဆိုသလို အသုံးချနေကြကြောင်း Volker Turk က ပြောပါတယ်။

“အစိုးရအသီးသီးက သူတို့နိုင်ငံသားတွေရဲ့ ဘေးကင်း လုံခြုံမှုရှိရေးကို လုပ်ဆောင်သင့်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလိုလုပ်ဆောင်ခြင်းက ဖိနှိပ်ညှဉ်းပန်းမှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို အကူအညီပေးတဲ့လုပ်ငန်းကို မထိခိုက်စေနိုင်ပါဘူး။”

ဒုက္ခသည်တွေဟာ အကြမ်းဖက်မှုနဲ့ အကြောက်တရားတွေ ဖြစ်ပေါ်အောင် လုပ်ဆောင်သူတွေမဟုတ်ဘဲ သူတို့ဟာ သားကောင်တွေ ဖြစ်တယ်လို့ လက်ထောက်မဟာမင်းကြီး Turk က ပြောပါတယ်။ ဒုက္ခသည်တွေဟာ အစွန်းရောက် အကြမ်းဖက်လုပ်ငန်းတွေကို ဆန့်ကျင်ကြတဲ့အတွက် တခါတရံမှာ ပစ်မှတ်ထား တိုက်ခိုက်ခံကြရပြီး အဓမ္မ ထွက်ပြေး တိန်းရှောင်ရတဲ့အဆင့်အထိ ရောက်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဘေးကင်း လုံခြုံမှုကို လိုလားနေကြသူတွေကို လက်မခံခြင်းဟာ မတရားဘူးလို့ လက်ထောက်မဟာမင်းကြီး Turk က ပြောပါတယ်။

“ကမ္ဘာကြီးရဲ့ မြောက်ပိုင်းကိုဘဲကြည့်ကြည့်၊ တောင်ပိုင်းမှာဘဲ လေ့လာ လေ့လာ ကျနော်တို့ မြင်တွေ့မိရသလောက် ကတော့ ဒုက္ခသည်တွေ၊ ရွေ့ပြောင်း နေထိုင်သူတွေ၊ ပြည်တွင်း အိုးအိမ် စွန့်ခွာ ထွက်ပြေးကြရသူတွေ၊ နိုင်ငံမဲ့သူတွေ လူ့ဂုဏ်သိက္ခာ ကင်းမဲ့အောင် ပြုမူ ဆက်ဆံ ခံနေကြရတဲ့ကိစ္စဟာ စိုးရိမ်စရာကောင်းပါတယ်။ အဲဒီလို ဆက်ဆက်ခံရတာဟာ ဘာသာစကား အခက်အခဲကြောင့်၊ ပြည့်စုံတဲ့ သတင်းအချက်အလက် မရကြလို့၊ ဟန့်တားမှု၊ ဖမ်းဆီး ထိန်းသိမ်းမှု၊ မိသားစုတွေနဲ့ တကွဲတပြား နေထိုင်ကြရမှုနဲ့ လူတွေကို ကုန်ပစ္စည်းတွေသဖွယ် အစုလိုက် အပြုံလိုက် ဖမ်းဆီး ချုပ်နှောင်ထားမှုတွေကြောင့် ဖြစ်ပါတယ်။”

နိုင်ငံခြားသား မုန်းတီးမှု၊ လူမျိုးရေးခွဲခြားတဲ့ဝါဒနဲ့ တယူသန် အမူအကျင့်တွေက လူမှုအသိုင်းဝိုင်းကြားမှာ အမျက်ဒေါသထွက်မှု၊ စိုးရိမ် ကြောင့်ကြမှုနဲ့ အကြောက်တရားတွေ ဖြစ်ပေါ်လာအောင် တွန်းပို့နေတဲ့ အရာတွေ ဖြစ်တယ်လို့ လက်ထောက် မဟာမင်းကြီးက ပြောပါတယ်။ အဲဒီကိစ္စတွေကို ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းကြဖို့လိုကြောင်းလည်း သူက ပြောပါတယ်။ သမိုင်းကို ပြန်လေ့လာကြည့်တဲ့အခါ နိုင်ငံခြားသားတွေကို အဲဒီလို မချေမငံ ဆက်ဆံခြင်းက ကိုယ့်နိုင်ငံသားတွေကိုပါ အဲဒီလို ဆက်ဆံလာစေဖို့ လမ်းကြောင်း ဖွင့်ပေးသလို ဖြစ်စေတယ်ဆိုတာကို တွေ့ရှိရကြောင်းလည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်မဟာမင်းကြီး Volker Turk က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG