(Zawgyi/ Unicode)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အဓမ္မဖမ်းဆီးသွားပြီး လက်စဖျောက်ပစ်တာ၊ ဥပဒေမဲ့ သတ်ဖြတ်တာ၊ညှဉ်းပန်းနှိပ်စက်တာတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဘက်မလိုက်ပဲ၊ လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်း စစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
(၄)ရက်ကြာ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Michelle Bachelet က အဲဒီလို ပြောဆိုလိုက်တာပါ။ အဓမ္မဖမ်းဆီးသွားပြီး လက်စဖျောက်ခံရသူတွေကို အကာအကွယ်ပေးမယ့် နိုင်ငံတကာစာချုပ်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက အတည်ပြု လက်မှတ်ထိုးဖို့ကိုလည်း တောင်းဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ကုလသမဂ္ဂရဲ့ အခြားသော လူ့အခွင့်အရေးဆိုင်ရာ စာချုပ်တွေမှာ လက်မှတ်ထိုးထားပေမယ့် ဒီတခုကိုတော့ ကျန်နေသေးတယ်လို့ ထောက်ပြပါတယ်။
တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိလာတဲ့ Ms. Bachelet ဟာ သူ့ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ နဲ့ရော အခြားဝန်ကြီးတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ လူမှုအခြေပြုအဖွဲ့အစည်း တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
နယ်စပ်ဒေသ Cox’s Bazaar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် စခန်းကိုလည်း သွားရောက်လေ့လာခဲ့ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ သိန်းနဲ့ချီတဲ့ ဒီဒုက္ခသည်တွေကို လက်ခံပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ လုပ်ရပ်ဟာ လေးစာချီးမွမ်းဖွယ်ရာအဖြစ် သူမက ပြောဆိုခဲ့ပေမဲ့ ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာ ဆန့်ကျင်ရေးတွေ တိုးလာနေတဲ့အပေါ် စိုးရိမ်မိကြောင်းလည်း ပြောဆိုပါတယ်။
ရာဇဝတ်မှုတွေအတွက် ရိုဟင်ဂျာတွေကို အပြစ်ဖို့တာ၊ လက်ညှိုးထိုးနေတာတွေအတွက် စိုးရိမ်ကြောင်းလည်း Ms. Bachelet က ပြောဆိုပါတယ်။ ဒါကြောင့် သတင်းမှားတွေကို သတိထား ပြန်လည်စိစစ်ဖို့နဲ့ ဒုက္ခသည်တွေနဲ့ ဒေသခံအသိုင်းအဝိုင်းကြား နားလည်မှုပိုရအောင်လုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကိုရော ပြည်သူတွေကိုပါ တောင်းဆိုလိုက်ပါတယ်။
(Unicode)