ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ ၂၅၀၀ ကျော်နေပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Farhan Haq က ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
“ပြီးခဲ့တဲ့ လကစပြီး ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာ့ တပ်မတော်တို့ကြား ဖြစ်ပွါးတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၂၅၀၀ လောက် အိုးအိမ်စွန့်ခွါ ထွက်ပြေး နေရတယ်လို့ ကုလသမဂ္ဂနဲ့ လက်တွဲဆောင်ရွက်နေတဲ့ လူသားချင်း စာနာမှုအဖွဲ့တွေက ပြောပါတယ်။ အခုလို အိုးအိမ်ရွှေ့ပြောင်း နေထိုင်ရသူတွေနဲ့ ဒေသခံအသိုင်းဝိုင်းမှာ ဘာတွေ လိုအပ်နေတယ် ဆိုတာကို ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ OCHA ဦးဆောင်တဲ့ အဖွဲ့က အဲဒီဒေသမှာ သွားကြည့်မှာ ဖြစ်ပါတယ်။”
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နဲ့ ကျောက်တော်မြို့နယ်တွေမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA အဖွဲ့တို့ကြား ဗုဒ္ဓဟူးနေ့အထိ တိုက်ပွဲတွေ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွါးနေဆဲ ဖြစ်ကြောင်း AA အဖွဲ့က ပြောပါတယ်။ အင်္ဂါနေ့က ဘူးသီးတောင်မြို့နယ် ကံပြင်နဲ့ စည်တောင် ကြားဖြစ်ပွါးတဲ့ တိုက်ပွဲတွေကြောင့် ကံပြင်ရွာသားတွေ စစ်ဘေး လွတ်ရာ တိမ်းရှောင်နေကြရ သလို လက်ရှိမှာတော့ စေတီတောင် ကျေးရွာနဲ့ စပါးထား ကျေးရွာမှာ စစ်ရှောင်ဦးရေ (၂၀၀) နီးပါးရှိနေတယ်လို့ စေတီတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ဗွီအိုအေကို ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ဒီကနေ့အထိ ဆက်လက်ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေအပြင် မြောက်ဦး မြို့နယ်တွင်းမှာလည်း မကြာသေးခင်ကပဲ ဗုံးပေါက်ကွဲမှု ၃ ခု ဖြစ်ပွါးခဲ့တာပါ။
မြန်မာ့တပ်မတော်ဘက်က (၄) လကြာ အပစ်ရပ်ထားမယ်လို့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ လက်ရှိ ရခိုင်ပြည်နယ် ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် တွေဘက်မှာ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွါးနေဆဲဖြစ်သလို တိုက်ပွဲဖြစ်ပွါးရာ ဒေသတွေက ဒေသခံကျေးရွာသား အများအပြားလည်း ဘေးလွတ်ရာ တိမ်းရှောင် နေရဆဲ ဖြစ်ပါတယ်။