သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသခံ ကုလဝန်ထမ်း ၂၀ ကျော် အီသီယိုပီးယား ဖမ်းဆီး


မှတ်တမ်းရုပ်ပုံ- UNHCR ရုံးမှာ တွေ့ရတဲ့ အီသီယိုးပီးယား ဒုက္ခသည် တဦး။
မှတ်တမ်းရုပ်ပုံ- UNHCR ရုံးမှာ တွေ့ရတဲ့ အီသီယိုးပီးယား ဒုက္ခသည် တဦး။

(Zawgyi / Unicode)

အီသီယိုပီးယားနိုင်ငံ Addis Ababa မြို့တော်မှာ Tigray လူမျိုးတွေကို ရှာဖွေဖမ်းဆီးမှုတွေအတွင်း အီသီယိုပီးယားလူမျိုး ကုလသမဂ္ဂဝန်ထမ်း ၂၂ ယောက်ကို အစိုးရက ဖမ်းဆီးခဲ့ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူတွေထဲက ၆ ယောက်ကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး ၁၆ ယောက် ဆက်လက် ဖမ်းဆီးခံထားရကြောင်းလည်း ပြောပါတယ်။

“ဖမ်းဆီးခံရသူတွေ လွတ်မြောက်ဖို့ အီသီယိုပီးယား အစိုးရနဲ့ ဆက်သွယ်ပြီး အပြင်းအထန် ကြိုးစားနေပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။

ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးဖို့ အရေးကြီးကြောင်းလည်း ပြောပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းပေါင်းစုံက ဝန်ထမ်းတွေကို ဖမ်းဆီးတဲ့ အကြောင်းရင်းကို ရှင်းပြတာမျိုးလည်း မရှိခဲ့ဘူးလို့ ပြောပါတယ်။ ဖမ်းဆီးခံရသူတွေကိုတော့ ကုလသမဂ္ဂ လုံခြုံရေးအရာရှိတွေ တွေ့ဆုံခွင့် ရခဲ့ကြပါတယ်။ ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ နိုင်ငံ မြောက်ပိုင်းမှာ လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်နိုင်ရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Martin Griffiths အီသီယိုပီးယား နိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး နောက်တနေ့မှာပဲ ဖမ်းဆီးမှု သတင်းထွက်ပေါ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်မှာ တုန်းကလည်း ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အရာရှိ ၇ ယောက်ကို ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု စွပ်စွဲချက်နဲ့ နိုင်ငံကနေ နှင်ထုတ်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ အီသီယိုပီးယား ဝန်ထမ်းတွေ ဖမ်းဆီးခံရမှုနဲ့ အစောပိုင်းမှာ ကုလသမဂ္ဂ အရာရှိတွေကို နှင်ထုတ်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် အမေရိကန် ပြည်ထောင်စုကလည်း ပြစ်တင်ရှုတ်ချခဲ့တာပါ။

လူမျိုးရေးအခြေခံ ဖမ်းဆီးမှုတွေကို လက်မခံကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ဒေသခံ ကုလဝန်ထမ်း ၂၀ ကျော် အီသီယိုပီးယား ဖမ်းဆီး
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

(Unicode)








XS
SM
MD
LG