ဖေဖေါ်ဝါရီလ ၁၃ ရက် အင်္ဂါနေ့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ နိုင်ငံရေးရာ ဒုတိယ အကြီးအကဲ Miroslav Jenca နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filppo Grandi တို့ အစီရင်ခံတင်ပြမှုတွေကို မအင်ကြင်းနိုင်က ကောက်နုတ်တင်ပြမှာပါ။
ရခိုင်ပြည်နယ် ပြသနာရဲ့ အခြေခံ အကြောင်းအရင်းတွေကို ဖြေရှင်းရာမှာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို မြန်မာအစိုးရအနေနဲ့ လက်တွေ့ လိုက်နာ အကောင်အထည်ဖေါ်ဖို့ ကုလသမဂ္ဂ နိုင်ငံရေးရာ ဒုတိယ အကြီးအကဲ Miroslav Jenca က အခုလို တိုက်တွန်းသွားပါတယ်။
“ ရခိုင်အကြံပေး ကော်မရှင်ရဲ့ တိုက်တွန်းချက်များ အရ ရခိုင်နဲ့ရိုဟင်ဂျာ လူ့အဖွဲ့အစည်း နှစ်ရပ်ကြားမှာ စေ့စပ် ညှိနှိုင်းဖို့၊ ဆွေးနွေးနိုင်မယ့် အခြေအနေ ဖန်တီးပေးဖို့၊ သည်းခံနားလည်မှု တိုးပြီးတော့ အခြေခံ လူ့အခွင့်အရေး လေးစားလိုက်နာဖို့ နိုင်ငံတကာ စံနှုန်းတွေ အရ နိုင်ငံသား ဖြစ်ခွင့် ဆောင်ရွက်ပေးဖို့ မြန်မာအစိုးရ အနေနဲ့ ဦးစီး ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ ပဋိပက္ခဖြစ်ရတဲ့ အခြေခံ အကြောင်းရင်းတွေကို ဖြေရှင်းပေးဖို့က ရေရှည်ခံပြီးတော့ စစ်မှန်တဲ့ အခြေအနေကို ရှာဖွေနိုင်ရေးဘဲ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ နိုင်ငံမဲ့ ဖြစ်နေတာက အဓိက ပြသနာလို့ ကုလသမဂ္ဂက တစိုက်မတ်မတ် ပြောခဲ့တာ ဖြစ်ပြီး ဒီပြသနာကို မဖြစ်မနေ ဖြေရှင်းရမှာလည်း ဖြစ်ပါတယ်။ ”
ဒါအပြင် ကချင်နဲ့ ရှမ်းပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် လူသားချင်း စာနာမှုအခြေအနေကို ကုလသမဂ္ဂဘက်က စိုးရိမ်မကင်းဖြစ်မိကြောင်းလည်း သူက အခုလိုပြောပါတယ်။
“ ကချင်နဲ့ ရှမ်းပြည် မြောက်ပိုင်းမှာ တိုက်ပွဲတွေ မကြာသေးမီက တိုးပြီးတော့ ဖြစ်ခဲ့တာကို စိုးရိမ်မကင်းဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေကြောင့် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုတွေ အပေါ် အမှောင်ရိပ် ကျစေပြီးတော့ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှု ဆိုင်ရာ ဖြစ်မှုဟာ တိုးစေခဲ့ပါတယ်။ ကချင်ပြည်နယ် တနိုင်းမှာ အရပ်သားတွေ သတ်ဖြတ်ခံရတာ ဒဏ်ရာရတာတွေ အပြင် တခြား အရပ်သား ၅ ထောင်လောက် တိုက်ပွဲ ဖြစ်တဲ့ နေရာမှာ ပိတ်မိနေကြပါတယ်။ ”
မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ ရိုက်တာသတင်းဌာနရဲ့ ရခိုင်ပြည်နယ်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု သတင်း အစီရင်ခံစာပါ အချက်တွေကို အထူးစိုးရိမ်မကင်း ဖြစ်မိသလို၊ ဒီအစီရင်ခံစာကို ရေးသားတဲ့ ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံထားရတာကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ Mr. Jenca က မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ ဒါအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုက်တာနဲ့ အေပီ သတင်းဌာနတွေရရှိထားတဲ့ အစုလိုက်အပြုံလိုက်တွေ့ရှိရတဲ့ လူသေအလောင်းသတင်းတွေကြောင့်လည်း ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးအရေးယူမှု လိုအပ်နေပြီးဆိုတာ ပြသရာ ရောက်ကြောင်း Mr. Jenca က လုံခြုံရေးကောင်စီမှာ ပြောကြားသွားပါတယ်။
“ ရိုက်တာက သတင်းထောက်တွေ စုံစမ်း နေတဲ့ သတင်းကို ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော ခရိုင် အင်းဒင်ရွာမှာ ရိုဟင်ဂျာ ၁၀ ဦး အသတ်ခံရတဲ့ အကြောင်းဟာ သိပ်ကို ခြောက်ချားစရာ ဖြစ်ပါတယ်။ AP ကလည်း ဘူးသီးတောင်မှာ လူ ၅ ဦး အစုလိုက် အပြုံလိုက် အသတ်ခံခဲ့ရတာကို သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းတွေနဲ့ တခြား စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြုနေတာဟာ ကုလသမဂ္ဂရဲ့ အာရုံစိုက်မှု အရေးယူ ဆောင်ရွက်မှု ပြုလုပ်ဖို့ လိုအပ်နေပြီ။ ဒါမှလည်း ရေရှည်ခံတဲ့ ငြိမ်းချမ်းရေးရမှာ ဖြစ်ပါတယ်။ ”
ဂျော်ဒန်နိုင်ငံရောက်ရှိနေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filppo Grandi ကလည်း skype ဗွီဒီယိုကတဆင့် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေကို လုံခြုံရေးကောင်စီကို တင်ပြဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံဘက် ဒုက္ခသည်တွေ လုံခြုံစိတ်ချစွာပြန်နိုင်ရေး အဓိကအရေးကြီးဆုံးအချက်ကတော့ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေး နဂိုအတိုင်းပြန်ဖြစ်လာစေဖို့ဖြစ်ကြောင်း Filippo Grandi ကအကြံပြုပြောဆိုခဲ့ပါတယ်။
“ အခု ဖြစ်နေတဲ့ ပြသနာရဲ့ အဓိက မူရင်းဇစ်မြစ်က မြန်မာနိုင်ငံထဲက ဖြစ်ပါတယ်။ အဲဒီထဲက အဖြေရှာရာမှာ စစ်မှန်ပြီး မှန်ကန်တဲ့ လုပ်ဆောင်မှုတွေနဲ့ စတင်ရမှာပါ။ ဒီလို ဆောင်ရွက်ဖို့ အတွက် အဓိက အရေးကြီးဆုံးကတော့ နေရပ်ရင်း ပြန်မယ့် ဒုက္ခသည်တွေရဲ့အခွင့်အရေးတွေ ဖြစ်တဲ့ ဆန္ဒအလျောက် ပြန်ဖို့၊ လုံခြုံမှုရှိဖို့၊ ဂုဏ်သိက္ခာ ရှိဖို့ စတဲ့အခြေအနေတွေ အပါအ၀င် သူတို့ရဲ့အခွင့်အရေးတွေကို မူလ အတိုင်း ပြန်ရရှိစေဖို့ ဖြစ်ပါတယ်။ ”
မြန်မာနိုင်ငံက သူတို့နေရပ်ရင်းမှာ နှစ်ပေါင်းများစွာကြာမြင့်လာတဲ့ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေရဲ့ နောက်ဆက်တွဲ ဖြစ်လာတဲ့ အကြမ်းဖမ်းမှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ၆၈၈,၀၀၀ လောက်ဟာ အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်နဲ့ ၀ရုန်းသုန်းကားထွက် ပြေးလာကြတာဖြစ်ကြောင်း သူက ဆိုပါတယ်။
အခု ခြောက်လကြာမြင့်လာတဲ့အချိန်မှာ ဒုက္ခသည်တွေထွက်ပြေးလာနှုန်းဟာ တဖြေးဖြေး လျော့ကျလာပေမဲ့လည်း ဆက်ပြီးရှိနေတုန်းပဲလို့ လုံခြုံရေးကောင်စီကို Mr. Grandi ကတင်ပြခဲ့တဲ့အပြင် ဒုက္ခသည်တွေ ဆန္ဒအလျောက် ဌာနေပြန်ရေးမှာလည်း မြန်မာဘက်က အခြေအနေတွေဟာ အဆင့်သင့်ဖြစ်မနေဘူးလို့ သူက အခုလိုပြောပါတယ်။
“ သူတို့ ထွက်ပြေး တိမ်းရှောင်တဲ့ အကြောင်းရင်းတွေကို အခုချိန်ထိ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ဖြစ်လာခဲ့တဲ့ ခွဲခြားဆက်ဆံမှုနဲ့ သူတို့ရဲ့နိုင်ငံသား ဖြစ်ခွင့် မပြုတဲ့ အခြေခံ အကြောင်းရင်း ဖြစ်တဲ့ အခွင့်အရေးတွေ ငြင်းပယ်ခံရမှု စတဲ့ အချက်တွေကို ထိထိရောက်ရောက် တိုးတက်မှု ရှိအောင် ဖြေရှင်းဆောင်ရွက်ပေးတာမျိုး ကျနော်တို့ မတွေ့မြင်ရသေးပါဘူး။ ”
ဒါအပြင် နောက်လမှာ စတင်တော့မယ့် မုတ်သုန်မိုးရာသီကြောင့် ရိုဟင်ဂျာဒုက္ခသည် ၁၀၀,၀၀၀ လောက်နေထိုင်တဲ့နေရာမှာ ရေကြီးပြီးနစ်မြှုပ်နိုင်တဲ့ အခြေအနေရှိနေပြီး သူတို့ကို အရေးပေါ်အချိန်မှီ မဖြစ်မနေ ရွှေ့ပြောင်းပေးဖို့ လိုအပ်နေကြောင်း မဟာမင်းကြီးက သတိပေးပြောဆိုခဲ့ပါတယ်။ လူသားဘေးဒုက္ခ ကပ်ဘေးကြီးကို ရှောင်ရှားနိုင်ဖို့အတွက်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရကို ထောက်ပံနေတဲ့ နိုင်ငံတကာအကူအညီတွေကို မဖြစ်မနေ တိုးမြှင့်ကြဖို့ လည်း သူကတိုက်တွန်းသွားပါတယ်။
ဂျော်ဒန်နိုင်ငံကနေ ပြောကြားတဲ့ Filippo Grandi ရဲ့ ဗွီဒီယိုထဲမှာ ဒုက္ခသည်တွေ နေရပ်ရင်း ဆန္ဒအလျောက်ပြန်နိုင်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒါအပြင် UNHCR ရဲ့ တာဝန်ဖြစ်တဲ့ဒုက္ခသည်ပြဿနာ ဖြေရှင်းရာမှာ အကူအညီတွေပေးဖို့ အစိုးရနှစ်ရပ်လုံးကို ကုလသမဂ္ဂဘက်က ကမ်းလှမ်းထားကြောင်း သူကလုံခြုံရေးကောင်စီကို ပြောကြားသွားပါတယ်။
အင်္ဂါနေ့က လုံခြုံရေးကောင်စီမှာ ပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို အလှည့်ကျဥက္ကဌဖြစ်တဲ့ ကူဝိတ်နိုင်ငံ သံအမတ်ကြီး Mansour al-Otaibi က ကမကထပြုလုပ်ခဲ့တာပါ။