သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလညီလာခံအတွက် ကမ္ဘာခေါင်းဆောင်တွေစုဝေးရောက်ရှိ


2015-2030 ရည်မှန်းချက် SDG လို့ခေါ်တဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအစီအစဉ်တွေပြည့်မီရေး ကုလညီလာခံမှာ ကုလအတွင်းရေးမှူးချုပ် Anionio Guterres မိန့်ခွန်းပြောကြားစဥ်။ (စက်တင်ဘာ ၁၈၊ ၂၀၂၃)
2015-2030 ရည်မှန်းချက် SDG လို့ခေါ်တဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအစီအစဉ်တွေပြည့်မီရေး ကုလညီလာခံမှာ ကုလအတွင်းရေးမှူးချုပ် Anionio Guterres မိန့်ခွန်းပြောကြားစဥ်။ (စက်တင်ဘာ ၁၈၊ ၂၀၂၃)

ကမ္ဘာ့တဝှမ်း ဖွံ့ဖြိုးရေးရည်မှန်းချက်တွေဟာ သတ်မှတ်မှုထက် နောက်ကျနေပေမယ့် ဒါတွေ အောင်မြင်အောင်အရှိန်မြှင့်ဆောင်ရွက်ဖို့ အဓိကထားပြီး ကမ္ဘာ့ခေါင်းဆောင်တွေ ကုလသမဂ္ဂမှာ အခု တနင်္လာလာနေ့ကစပြီး စုဝေးနေကြပါပြီ။

၂၀၃၀ ခုနှစ်မှာ ပြည့်မီစေဖို့လျာထားတဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးရည်မှန်းချက် ၁၇ ခုမှာ ၁၅ ရာခိုင်နှုန်းပဲ ပြီးပြတ်သေးတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ကုလသမဂ္ဂအထွေထွေညီလာခံကြီးကို တက်ရောက်လာတဲ့ ခေါင်းဆောင်တွေကို ပြောပါတယ်။ SDG လို့ခေါ်တဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအစီအစဉ်တွေပြည့်မီဖို့ သတ်မှတ်ချက် နောက်ကျကျန်ရစ်နေပြီး ဒါကို ကမ္ဘာ့ကြီးက အဖတ်ဆယ်ဖို့ အစီအစဉ်တွေလုပ်ရလိမ့်မယ်လို့ ကုလအတွင်းရေးမှူးချုပ်က ပြောပါတယ်။ ဒီညီလာခံကြီးဟာ အစိုးရတွေအနေနဲ့ ခိုင်ခိုင်မာမာအစီအစဉ်တွေကို ယူဆောင်လာပြီး တိုးတက်မှုလျင်မြန်အောင်အဆိုပြုရမယ့် နေရာအခိုက်အတန့်ဖြစ်တယ်လို့လည်း ကုလအတွင်းရေးမှူးချုပ်က ပြောပါတယ်။

SDG ရည်မှန်းချက်တွေထဲမှာတော့ ဆင်းရဲမှုပပျောက်ရေး၊ ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်ရေး၊ စွမ်းအင်ဈေးသက်သက်သာသာရရှိစေရေး၊ ဥတုရာသီဖောက်ပြန်မှုတိုက်ဖျက်ဖို့ အရေးပေါ်အစီအစဉ်များဆောင်ရွက်ရေးနဲ့ ကျားမ လိင်တန်းတူမှု ဖြစ်လာရေးတွေ ပါဝင်ပါတယ်။ ဒါတွေကို ၂၀၁၅ ခုနှစ်က ချမှတ်ခဲ့ပြီး ၂၀၃၀ ခုနှစ်မှာ ပြည့်မီအောင်မြင်ဖို့ လျာထားတာပါ။ ဒါပေမယ့် တိုးတက်မှုတွေ‌ နှေးကွေးနေသလို တချို့အခြေအနေတွေဆိုရင် နောက်ကိုပါ ဆုတ်လာတာရှိနေပါတယ်။

ရာသီဥတုဆိုးဆိုးဝါးဝါးဖြစ်လာတာတွေ၊ Covid19 ကပ်ရောဂါ ကြုံတွေ့ရမှုတွေ၊ ယူကရိန်းစစ်ပွဲနဲ့ ကမ္ဘာ့စီးပွားရေးချိနည့်လာမှုတွေကြောင့် ဒီဖွံ့ဖြိုးရေးရည်မှန်းချက်တွေ တိုးတက်မှုကိုထိခိုက်စေတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လထုတ် အစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။ ဒီ ရည်မှန်းချက်တွေ ဆိုးဆိုးဝါးဝါးကို ထိခိုက်လာနေပြီဆိုတာကို အသိအမှတ်ပြုထားတဲ့ ၁၀ မျက်နှာပါ ကြေညာစာတမ်းတခုကိုတော့ ကုလ အဖွဲ့ဝင် ၁၉၃ နိုင်ငံက ခေါင်းဆောင်တွေ အခု တနင်္လာနေ့မှာ အတည်ပြုပေးခဲ့ကြပါတယ်။

အင်္ဂါနေ့ စတင်ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံကြီးကိုတော့ အမေရိကန်သမ္မတ Joe Biden နဲ့အတူ နိုင်ငံ ၁၄၅ နိုင်ငံကသမ္မတတွေ၊ ဝန်ကြီးချုပ်တွေ တက်ရောက် မိန့်ခွန်းပြောဖို့ရှိပါတယ်။ ဗြိတိန်၊ တရုတ်၊ ပြင်သစ်နဲ့ ရုရှား ခေါင်းဆောင်တွေကတော့ မတတ်ရောက်နိုင်ဘဲ သူတို့ကိုယ်စား အဆင့်နိမ့်ဝန်ကြီးတွေက ကိုယ်စားပြုတက်ရောက်ဖို့ရှိနေပါတယ်။ အင်္ဂါနေ့ ဖွင့်ပွဲမိန့်ခွန်းပြောမယ့် အထဲမှာ ယူကရိန်းသမ္မတလည်းပါဝင်ဖို့ရှိသလို ယူကရိန်းသမ္မတ Zelenskyy ဟာ ဗုဒ္ဓဟူးနေ့ကျင်းပမယ့် ကုလ လုံခြုံရေးကောင်စီအစည်းအဝေးကိုလည်း တက်ရောက်ဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG