သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ကိစ္စ ကုလမှာ CPJ ဆွေးနွေးမည်


ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေစဉ် (24 Sep, 2018)
ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေစဉ် (24 Sep, 2018)

ကမ္ဘာနဲ့အဝှမ်း သတင်းမီဒီယာ လွတ်လပ်ခွင့်အပေါ် စိန်ခေါ်မှုတွေရှိနေတာနဲ့ပတ်သက်လို့ CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မီတီက ဦးဆောင်ပြီး အခုရက်ပိုင်းအတွင်း ကျင်းပဖို့ ရှိနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ဆွေးနွေးပွဲတခု ကျင်းပသွားမှာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် အဲဒီ ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး မကြာသေးခင်က ထောင်ဒဏ် (၇) နှစ်စီ ပြစ်ဒဏ် ချမှတ်ခံခဲ့ကြရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ ကိစ္စအပါဝင် အဓိက မီးမောင်းထိုး ဆွေးနွေးကြမယ့် နိုင်ငံတွေကတော့ ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်နဲ့ Kyrgyzstan နိုင်ငံတို့ ဖြစ်ပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးရဲ့ အမှုဟာ သတင်း သမားတွေကို ဖမ်းဆီးထောင်ချနေမှုရဲ့ ပြယုတ်ဖြစ်ကြောင်း၊ သူတို့ ၂ ဦးကို ရဲက ထောင်ခြောက်ဆင် ဖမ်းဆီးခဲ့ပြီး နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ ထောင်ဒဏ် အပြစ်ပေးလိုက်ခြင်းဟာ အမှန်တရားကို တခြားသတင်းထောက်တွေလည်း ရေးသား ဖော်ပြခွင့်မရှိအောင် နမူနာအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက စက်တင်ဘာလ ၂၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကျင်းပမယ့် သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲမှာ ရိုက်တာ သတင်းဌာနရဲ့ အကြီးအကဲ Stephen J. Adler ၊ CPJ အဖွဲ့က Joel Simon တို့အပြင် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အမှုကို လိုက်ပါဆောင်ရွက်ပေးဖို့ ကတိပြုထားဘူးတဲ့ လူ့အခွင့်အရေးရှေ့နေ Amal Clooney တို့လည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ဒါဟာ Amal Clooney အနေနဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှုနဲ့ပတ်သက်လို့ ပထမဆုံးအကြိမ် စကားပြောကြားမှာလည်း ဖြစ်ပါတယ်။

အလားတူဘဲ ကိုယ့်အလုပ်ကိုယ် လုပ်နေကြတဲ့ ရိုက်တာ သတင်းထောက် ၂ ဦးကို ထောင်ချတဲ့ကိစ္စဟာ လက်ခံနိုင်ဖွယ် မရှိဘူးလို့ သူ့အနေနဲ့ ယူဆတဲ့အတွက် သူတို့ ၂ ဦး ပြန်လွတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က စက်တင်ဘာလ ၂၀ ရက်နေ့မှာ မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG