သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူထုကိုကာကွယ်ဖို့ ကုလပျက်ကွက်မှု မြန်မာသံအမတ်ကြီးဝေဖန်


(၉၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ Responsibility to Protect (R2P) မျက်နှာစုံညီအစည်းအဝေးတက်ရောက်မိန့်ခွန်းပြောနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။ (ဇူလိုင် ၁၊ ၂၀၂၄/Photo-UN Web TV SS)
(၉၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ Responsibility to Protect (R2P) မျက်နှာစုံညီအစည်းအဝေးတက်ရောက်မိန့်ခွန်းပြောနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။ (ဇူလိုင် ၁၊ ၂၀၂၄/Photo-UN Web TV SS)

မြန်မာအပါအဝင် ကမ္ဘာ့နေရာအတော်များများမှာဖြစ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေကို ကုလသမဂ္ဂအနေနဲ့ ကာကွယ်တားဆီးပေးဖို့ ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

ရိုဟင်ဂျာအပါအဝင် မြန်မာပြည်သူတွေအပေါ် အာဏာသိမ်းစစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန် နေတာဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့ ပျက်ကွက်မှုဖြစ်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂမျက်နှာစုံညီအစည်းအဝေးတခုမှာ ပြစ်တင်ပြောဆိုလိုက်တာပါ။ ကာကွယ်ပေးရန်တာဝန်ရှိမှု (Responsibility to Protect)နဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု စစ်ရာဇဝတ်မှု လူမျိုးစုအလိုက်သုတ်သင်ရှင်းလင်းမှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ပြစ်မှု ကာကွယ်တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းမိန့်ခွန်းပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ ၅,၃၀၀ ကျော် ဖမ်းဆီးသတ်ဖြတ်ခံရပြီး လူဦးရေရဲ့ ၃.၁ သန်းဟာ ပြည်တွင်း တိမ်းရှောင်နေကြရတယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပဋိပက္ခဖြစ်ပွားရာနေရာတွေမှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်ဘက် စစ်ဘက်မခွဲဘဲ နေအိမ်၊ ကျောင်းတွေနဲ့ ဆေးရုံတွေကိုပါ ဗုံးကြဲတိုက်ခိုက်နေတာတွေကိုလည်း ထောက်ပြပြောဆိုသွားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မြန်မာနိုင်ငံတွင်း တာဝန်ယူ တာဝန်ခံမှုအပေါ် အရေးယူကိုင်တွယ်နိုင်ဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ တရားစီရင်ခံမှုကို လက်ခံမယ်လို့ ကြေညာထားပြီးဖြစ်တယ်လို့ သံအမတ်ကြီးက ပြောဆိုခဲ့သလို စစ်ကောင်စီရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို အကာအကွယ်ပေးဖို့ ကုလ အဖွဲ့ဝင်နိုင်ငံတွေကို ပြန်လှန်မေးခွန်းထုတ်ခဲ့ပါတယ်။

မြန်မာ့နိုင်ငံအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရေးယူဆောင်ရွက်မှု ပျက်ကွက်ခဲ့တဲ့အပေါ်မှာလည်း သံတမတ်ကြီးဦးကျော်မိုးထွန်းက ပြီးခဲ့တဲ့လ ကုလ အထွေထွေညီလာခံအတွင်းမှာပဲ ဝေဖန်ပြောဆိုခဲ့ပါတယ်။ သံတအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းမှုကို လက်မခံပဲဘဲ ရွေးကောက်ခံ လူထုအစိုးရကိုပဲ ဆက်လက်ကိုယ်စားပြုမယ်ဆိုပြီး ကုလသမဂ္ဂမှာကြေညာခဲ့တာပါ။ ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြု စိစစ်ရေးအဖွဲ့ကလည်း စစ်ကောင်စီကအပြိုင်တင်သွင်းတဲ့ နိုင်ငံကိုယ်စားပြုမှုစိစစ်ရေးလုပ်ငန်းကိုဆိုင်းငံ့ပြီး ဦးကျော်မိုးထွန်းကိုပဲ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက်အသိအမှတ်ပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG