သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေး ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ရုရှားကြိုဆို


နယူးယောက်မြို့ ကုလဌာနချုပ်မှာ ယူကရိန်းကိုရုရှားကျူးကျော်စစ် (၃) နှစ်ပြည့်ချိန် ယူကရိန်းရဲ့ ပိုင်နက်ကိုထပ်မံအတည်ပြုရေး ကုလအထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်စဥ်။ (ဖေဖေါ်ဝါရီ ၂၄၊ ၂၀၂၅)
နယူးယောက်မြို့ ကုလဌာနချုပ်မှာ ယူကရိန်းကိုရုရှားကျူးကျော်စစ် (၃) နှစ်ပြည့်ချိန် ယူကရိန်းရဲ့ ပိုင်နက်ကိုထပ်မံအတည်ပြုရေး ကုလအထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်စဥ်။ (ဖေဖေါ်ဝါရီ ၂၄၊ ၂၀၂၅)

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်က တင်သွင်းခဲ့တဲ့ “ငြိမ်းချမ်းရေးအတွက်လမ်း” လို့အမည်ပေးထားတဲ့ ဆုံးဖြတ်ချက်ဟာ ပိုပြီး မျှတမှု ရှိတယ်ဆိုပြီး ရုရှားကကြိုဆိုလိုက်ပါတယ်။ ဒီအဆိုပြုချက်ကို ဗြိတိန်နဲ့ဥရောပ မဟာမိတ်တွေကတော့ သိပ်သဘောမတူကြပါဘူး။

အမေရိကန်ရဲ့အဆိုပြုချက်ဟာ သဘောတူညီချက်အတွက် တကယ်ကိုလိုလားတဲ့အားထုတ်မှုဖြစ်တယ် လို့ ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov က ဒီကနေ့ ဖေဖေါ်ဝါရီ (၂၅) ရက်နေ့မှာ ပြောပါတယ်။

ဖေဖေါ်ဝါရီ (၂၄) ရက်၊ မနေ့က ချမှတ်ခဲ့တဲ့ ကုလလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ထဲမှာ ရုရှား-ယူကရိန်း စစ်ပွဲအတွင်း အသက်ဆုံးရှုံးသွားသူတွေအတွက် ဝမ်းနည်းကြောင်းဖေါ်ပြထားသလို ကုလသမဂ္ဂရဲ့တာဝန် ဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက်ဖြစ်ပြီး အငြင်းပွားမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ပဋိပက္ခတွေကို အမြန်ဆုံးအဆုံးသတ်နိုင်ဖို့ တင်ပြထားသလို ယူကရိန်းနဲ့ရုရှားကြား ငြိမ်းချမ်းရေးရေရှည်တည်မြဲအောင် ဆောင်ရွက်ဖို့အတွက်လည်း တိုက်တွန်းထားပါတယ်။

ဒီအဆိုပြုချက်ဟာ အားလုံးအတွက် ငြိမ်းချမ်းရေးလမ်းပေါ် လျှောက်လှမ်းစေမှာဖြစ်တယ်လို့လည်း ကုလဆိုင်ရာ အမေရိကန်အထူးသံတမန် Dorothy Shea က လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို ပြောခဲ့ပါတယ်။ ဒါဟာ အရေးပါတဲ့ပထမဆုံးခြေလှမ်းဖြစ်တာကြောင့် အားလုံး ဂုဏ်ယူသင့်တယ် လို့လည်း သူက ပြောပါတယ်။ ယူကရိန်း ရုရှားအပြင် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ငြိမ်းချမ်းတဲ့ အနာဂတ်တည်ဆောက်သွားဖို့ ဒီနည်းလမ်းကို အသုံးပြုရမယ်လို့လည်း အထူးသံတမန် Shea က ပြောပါတယ်။

အမေရိကန်တင်သွင်းတဲ့အဆိုပြုချက်ကို အမေရိကန်နဲ့အတူ ရုရှား၊ တရုတ်တို့က ထောက်ခံပြီး ဗြိတိန်နဲ့ ဥရောပကောင်စီ (၄) နိုင်ငံက မဲမပေးခဲ့ပါဘူး။ ကန့်ကွက်မဲပေးသူတော့ မရှိခဲ့ပါဘူး။ ပြင်သစ်နဲ့ ဗြိတိန်တို့ က ခုလို မဲခွဲမယ့်ကိစ္စကို ရွှေ့ဆိုင်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ အဲဒီနောက် ဒိန်းမတ်၊ ဂရိစ်၊ ဆလိုဗေးနီးယားနိုင်ငံတွေနဲ့အတူ ရုရှား-ယူကရိန်း ပဋိပက္ခအစား ရုရှားဖက်ဒရေးရှင်းရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်အဖြစ် ပြောင်းလဲဖို့ ကြိုးစားခဲ့တာလည်း မအောင်မြင်ခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG