ရွေ့ပြောင်းနေရာချထားပေးဖို့လိုအပ်နေတဲ့ ဒုတိယအများဆုံးကတော့ အာဖဂနစ္စတန်က ဒုက္ခသည်တွေ ဖြစ်ပါတယ်။ အဲဒီနောက်မှာ တောင်ဆူဒန်၊ မြန်မာနဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့ ပါဝင်တယ်လို့ ကုလအတွင်းရေးမှုးချုပ်ရုံး ဒုတိယပြောခွင့်ရသူ Farhan Haq က ကုလနေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ရွှေ့ပြောင်းနေရာချထားဖို့ လိုအပ်ချက်အများဆုံးက ဆီးရီယားနိုင်ငံက ဒုက္ခသည်တွေဖြစ်ပါတယ်။ အခုလာမယ့် ၂၀၂၄ ဟာဆိုရင် ဒုက္ခသည်တွေရွှေ့ပြောင်းအခြေချရေလိုအပ်ချက် ကြီးလာဖို့ရှိနေတယ်လို့ ဆိုပါတယ်။ ကမ္ဘာကြီးမှာ ဒုက္ခသည်အကျပ်အတည်းနဲ့ ရွှေ့ပြောင်းနေရာချထားဖို့ လိုအပ်ချက်တွေတွေ ကြီးမားလာမယ်လို့လည်း UNHCR က သတိပေးထားပါတယ်။
လတ်တလောအားဖြင့် မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည် တသန်းဝန်းကျင်မှာ နိုင်ငံမဲ့ဖြစ်နေတယ်လို့ UNHCR အချက်အလက်တွေမှာဖော်ပြထားသလို၊ ပဋိပက္ခတွေကြောင့် ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှာ မြန်မာနိုင်ငံတွင်း အိုးအိမ်အတည်တကျမရှိ ပြည်တွင်းလှည့်လည်နေရတဲ့ ဒုက္ခသည်တွေလည်း တိုးများလာတယ်လို့ ဆိုပါတယ်။
အာဖဂန်နဲ့ မြန်မာမှာ ၂၀၂၁ ခုနှစ်ဖြစ်ရပ်တွေကြောင့် POC လို့ သတ်မှတ်တဲ့ စိုးရိမ်ဖွယ်လူပုဂ္ဂိုလ်တွေနဲ့ သူတို့ကို ရွှေ့ပြောင်းနေရာထားဖို့ လိုအပ်ချက်တွေ တိုးလာမယ်လို့လည်း UNHCR က ခန့်မှန်းတွက်ချက်ထားပါတယ်။