သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကောင်စီ မြန်မာ့အရေးဆုံးဖြတ်ချက် ရခိုင်အရေးကို ပိုရှုပ်ထွေးသွားစေမလား


UN လူ့အခွင့်အရေးကောင်စီ
UN လူ့အခွင့်အရေးကောင်စီ

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ မနေ့က ဆုံးဖြတ်ချက် ချလိုက်တာကြောင့် မြန်မာအစိုးရအနေနဲ့ ပြဿနာ ဖြေရှင်းရေးမှာ ပိုပြီးရှုပ်ထွေးစေမှာဖြစ်တယ်လို့ သုံးသပ်သူရှိသလို၊ မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးတခုခုက အရေးယူ သွားရေးဆိုတဲ့ လှုပ်ရှားမှုဟာ ထူးခြားလာပါ့မလားလို့ သံသယဝင်နေသူတွေလည်း ရှိနေပါတယ်။ မြန်မာအစိုးရကတော့ ကုလသမဂ္ဂရဲ့ဆုံးဖြတ် ချက်ဟာ အချုပ်အခြာအာဏာကို ထိခိုက်စေတယ်လို့ တုန့်ပြန်ထားပါတယ်။

အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အခြားလူနည်းစု တိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ အရေးယူ နိုင်ရေးအတွက် OIC အစ္စလာမ္မစ်နိုင်ငံများအဖွဲ့နဲ့ EU ဥရောပသမဂ္ဂတို့က ပူးတွဲအဆိုပြုခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ရဲ့ စက်တင်ဘာ(၂၇)ရက်နေ့က ဆုံးဖြတ်ချက်ထဲမှာတော့ မြန်မာစစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပေါ် နိုင်ငံတကာ တရားရုံးတခုခုက အရေးယူနိုင်ဖို့ တိကျတဲ့ မှတ်တမ်းတင်ထားရေးအဖွဲ့ ဖွဲ့စည်းဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကုလလူ့အခွင့်အရေးကောင်စီမှာ မဲခွဲဆုံးဖြတ် အတည်ပြု ခဲ့တာပါ။

ဒီဆုံးဖြတ်ချက်ကိုကြည့်ရင် ရခိုင်အရေးနဲ့ပတ်သက်လို့ တပ်မတော်နဲ့ မြန်မာအစိုးရတို့က ကိုင်တွယ်ဖြေရှင်းပုံ မှားခဲ့တာကြောင့် နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ တုန့်ပြန် အရေးယူမှုတွေကို ရင်ဆိုင်လာရတာဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ် ဒေါက်တာခင်ဇော်ဝင်းက မြင်ပါတယ်။

“ နေပြည်တော်မှာရှိတဲ့ တပ်ဖက်ကရော အရပ်ဖက်ကရော ဘယ်လိုဖြစ်နေသလဲဆိုတော့ သူတို့က အကုန်လုံး ဘူးခံနေတာ၊ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီတခုထဲတင် မဟုတ်ဘူး အဖွဲ့စည်းပေါင်းစုံကနေပြီးတော့ ပေါင်းပြီးတော့ စုစည်းပြီးတော့ ဦးတည်ရာတခုကို သွားနေတာနော့။ ဦးတည်ရာ တခုဆိုတာ ဘာလဲဆိုတော့ လက်ရှိအစိုးရနဲ့ လက်ရှိစစ်တပ်ကို အရေးယူဖို့ပဲ။ ICC မှာ ဖြစ်မလား၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ဖြစ်မလား၊ ဒါမှမဟုတ် ကုလအထွေထွေညီလာခံမှာ ဖြစ်မလားပဲ။ သို့သော် တိုင်းပြည်က ပြောမယ်ဆို ခုတောင် နာမည်အတော်ကို ပျက်နေပြီ။ ဒီနှစ်စ ကတည်းကိုက ပြောမယ်ဆိုဟိုဘက်က ခြေလှမ်းတွေက လှမ်းကုန်ပြီ၊ ဒီကိစ္စ ကိုင်တွယ်ပုံ မှားနေတယ်လို့ ပြောနေတာကို အိအားလုပ်နေကြတာလေ။”

မြန်မာပြည်ပေါ် နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှုတွေ ပိုပြီးပြင်းထန်လာမယ်လို့ ခန့်မှန်းကြောင်းလည်း ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။

“ အခု အစပဲရှိသေးတာ၊ နောက် တရစ်ပြီးတရစ် လာမှာပဲ။ ဘယ်လိုအရေးယူမှု လုပ်မလဲ ဆိုရင်တော့ ဒီတခါတော့ လူထုကိုတော့ညှာမှာပါ အခုဆိုရင် ရိုဟင်ဂျာတွေအတွက် အမေရိကန်က ပိုက်ဆံထပ်ပေးမယ်၊ ထောက်ပံ့ကြေးပေးမယ် UN ကလည်းပေးမယ် EU ကလည်းပေးမယ်။ ဒါပေမဲ့ တကယ်ကျူးလွန်ထားတဲ့ လူတွေကတော့ သိပ်တော့လွတ်နိုင်မယ် မထင်ဘူး။ ဟိုတနေ့ကလည်း Jeremy Hunt က ဒီစကားကိုပြောသွားတာပဲလေ .. နော်။ ပုန်းအောင်းစရာ နေရာ မရှိဘူးတဲ့ ”

မြန်မာစစ်တပ်ကို နိုင်ငံတကာတရားရုံးတခုခုမှာ အရေးယူသွားရေး ကုလလူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်ဟာ ထူးခြားတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးလို့ သုံးသပ်သူကတော့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ဖြစ်ပါတယ်။

“ သူတို့ ဒီလိုလုပ်လာတာကတော့ မဆန်းပါဘူး။ အရင် ICC ကနေပြီးတော့ ကြိုးစားနေတဲ့ .. နိုင်ငံတကာ ခုံရုံးကို တင်ဖို့ဆိုတဲ့ လှုပ်ရှားမှုလုပ်နေတာ။ တကယ်ကျတော့ မြန်မာပြည်က အဲဒါနဲ့ပတ်သက်လို့ ရောမစာချုပ်မှာလည်း လက်မှတ်ထိုးရေးထိုး မထားတဲ့အတွက် သူတို့အနေနဲ့ အရေးယူရ ခက်ခဲနေတယ်။ ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် နောက်တမျိုးထပ်ပြီးတော့ ကြိုးစားလာတဲ့သဘောလို့ ကျနော်ကတော့ ယူဆပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က ခုံရုံးတခုရှာမယ်ဆိုတာ ပိုလို့တောင်ဖြစ်နိုင်ခြေ နည်းတယ်လို့ ယူဆပါတယ်။ ဘယ်နိုင်ငံတကာခုံရုံးကို သူကတင်မှာလဲ၊ လုံခြုံရေး ကောင်စီမှာဆိုလည်း ပယ်ချခံရမှာပဲ၊ အဲဒါကြောင့် ဒီလိုကြိုးပမ်းမှုတွေဟာ မြန်မာပြည်အတွက်တော့ ထူးထူးခြားခြား သက်ရောက်မှု ရှိလိမ့်မယ်လို့ မထင်ပါဘူး။ ”

ကုလသမဂ္ဂ အချက်အလက် ရှာဖွေစုဆောင်းရေး FFM အဖွဲ့ရဲ့ အစီရင်ခံစာအပေါ်အခြေခံပြီး၊ ကုလလူ့အခွင့်အရေးကောင်စီက အခုလို ဆုံးဖြတ်ခဲ့တာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို ထိပါးမှုဖြစ်တယ်လို့ Geneva ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တုံ့ပြန်ပြောခဲ့ပါတယ်။ မဲခွဲဆုံးဖြတ်ချိန်မှာ မြန်မာနိုင်ငံကို အကူအညီအများကြီးပေးနေတဲ့ ဂျပန်နိုင်ငံက ကြားနေခဲ့ပေမယ့် လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာရှိတဲ့ တရုတ်နိုင်ငံတော့ ကန့်ကွက်မဲပေးခဲ့ပါတယ်။ ဒါတွေဟာ အကျိုးစီးပွားကြောင့်လို့ ဒေါက်တာခင်ဇော်ဝင်းက သုံးသပ်ပါတယ်။

“ ကန့်ကွက်တဲ့ နိုင်ငံတွေကတော့ သူတို့ရဲ့အကျိုးစီးပွားကို အမြဲ ဦးထိပ်ထားတာပဲလေ။ အဲဒီတော့ အားလုံး တပြေးညီဖြစ်ဖို့ ဆိုတာကလည်း နည်းနည်းတော့ ခဲယဉ်းပါတယ်။ အဲဒီတော့ ကန့်ကွက်တဲ့ နိုင်ငံ ၃ခုကို ကြည့်မယ်ဆိုရင် သူတို့အကြောင်းနဲ့သူတို့ တခုစီရှိမှာပေါ့။ နောက်ပြီးတော့ ဂျပန်တို့ ဘာတို့လိုပေါ့လေ ကြားနေနိုင်ငံတွေလည်း ရှိတာပေါ့။ အခုဟာက ၄၅ နိုင်ငံထဲမှာ ၃၅ နိုင်ငံက သဘောတူတယ်ဆိုတဲ့အခါကျတော့ ဒါက အထင်ရှားကြီးပါ။”

ကုလလူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မဲခွဲရာမှာ ထောက်ခံမဲ ၃၅ မဲ၊ ကန့်ကွက်မဲ ၃ မဲ၊ ကြားနေ ၇ မဲနဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တာပါ။ ကန့်ကွက်တဲ့ ၃ နိုင်ငံကတော့ တရုတ်၊ ဖိလစ်ပိုင်နဲ့ ဘူရွန်ဒီနိုင်ငံတို့ ဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG