သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးဆွေးနွေးပွဲအတွက် အဖွဲ့အစည်းအားလုံး NCA လက်မှတ်ထိုးဖို့လို


 ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်လာကြသူများ။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်လာကြသူများ။

နောင်တလလောက်အကြာမှာ စတင်မယ့် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေး ပွဲတွေမှာ၊ ပါဝင်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဟာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး NCA စာချုပ်ကို လက်မှတ်ထိုးရမှာဖြစ်တယ်လို့ ၂၁-ရာစု ပင်လုံညီလာခံ ကျင်းပရေးကော်မတီ တာဝန်ရှိ သူတွေက ပြောဆို လိုက်ပါတယ်။ နေပြည်တော်မှာ လက်ရှိကျင်းပနေတဲ့ ပင်လုံညီလာခံ တတိယမြောက်နေ့ အပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ ပြောဆို သွားတာဖြစ်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

လက်ရှိကျင်းပနေတဲ့ ၂၁-ရာစု ပင်လုံညီလာခံမှာ အားလုံးပါဝင်ခွင့်ရရေးဆိုတဲ့ အခြေခံမူအရ အပစ်ရပ်အဖွဲ့တွေရော၊ အပစ် မရပ်ရသေးတဲ့အဖွဲ့ အများစုကပါ တက်ရောက်ဆွေးနွေးခွင့် ပေးထားတယ်ဆိုပေမယ့် နောင်လာမယ့် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ခွင့် ရချင်တယ် ဆိုရင်တော့ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ NCA အပစ်ခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးရမှာ ဖြစ်တယ်လို့ ပင်လုံညီလာခံ ကျင်းပရေးကော်မတီ တာဝန်ရှိသူတွေက ပြောဆိုလိုက်တာပါ။

တတိယနေ့ သတင်းစာရှင်းလင်းပွဲ
တတိယနေ့ သတင်းစာရှင်းလင်းပွဲ

စက်တင်ဘာ၂-ရက်နေ့ သောကြာညနေပိုင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရငြိမ်းချမ်းရေး ညှိနှိုင်းမှုကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးက ခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

" သူမထိုးသေးဘူးဆိုရင်တော့ သူ အမျိုးသားအဆင့် ဆွေးနွေးပွဲမှာ သူဦးဆောင်ပြီး ပါဝင်ခွင့် မရှိတာပဲဖြစ်တယ်။ ဆိုလိုတဲ့သဘောကတော့ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ အနေနဲ့ကတော့ လက်မှတ်မထိုးခင်အချိန်အထိကတော့ ဒီအမျိုးသားအဆင့်ဆွေးနွေးပွဲမှာ ပါဝင်ခွင့်ကတော့ နည်းနည်းကန့်သတ်ချက်က ရှိကောင်းရှိမယ်။ အဲ့တာကတော့ သူတို့အပေါ်ပဲ မူတည်တာလေ။ အဲ့တော့ သူတို့ ဘယ်တော့ထိုးမှန်းမသိတဲ့ဟာကိုတော့ ကျနော်တို့က သူတို့ထိုးတဲ့အချိန် အထိ စောင့်ပြီးတော့မှ ဒါကြီးကို မလုပ်ပဲနဲ့ စောင့်နေရမယ် ဆိုတဲ့ သဘောမျိုးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီကြားထဲမှာ သူတို့စဉ်းစားရမှာပါ။"

ရှေ့ဆက်ဆွေးနွေးသွားမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ NCA အပစ်ခတ်ရပ်စာချုပ်ပေါ် အခြေခံ ထားတာကြောင့်ဖြစ်တယ်လို့ သတင်းစာရှင်းပွဲမှာ ပြောသူကတော့ အပစ်ရပ် လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး CNF ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်ပဲ ဖြစ်ပါတယ်။

" NCA လက်မှတ်ရေးထိုးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးပိုင်ခွင့် ပေးမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကြီး၊ ဒီနိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်ကြီး အားလုံးကတော့ NCA အပေါ် မူတည်ပြီးတော့ သွားတာဖြစ်တယ်။ NCA မှာ အဆင့်မကျော်ပဲနဲ့ ကျနော်တို့ မူဘောင်မှာ ပါရမယ်။ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲ မှာ ပါရမယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ တက်ရောက်ရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ "

ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အနေနဲ့ လာမယ့် တလလောက် အတွင်း နိုင်ငံရေးမူဘောင်တွေကို အပြီးသတ်ရေးဆွဲသွားမှာ ဖြစ်ပြီး၊ အဲဒီမူဘောင်ပေါ် အခြေခံကာ တိုင်းရင်းသားလူမျိုးစုအလိုက် ဒေသအလိုက်၊ အကြောင်းအရာ အလိုက် တိုင်းနဲ့ပြည်နယ်တွေမှာ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဒုဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးက ပြောပါတယ်။

" နောက်တကြိမ်ကျင်းပမယ့် ညီလာခံမတိုင်ခင်မှာ ဒီကျနော်တို့ နိုင်ငံရေး Political Framework ကို နောက်ဆုံးအပြီးသတ်ပြန်လည်ပြင်ဆင်ရေးသားတာ လုပ်ပါမယ်။ အဲ့တာလုပ်ပြီးလို့ရှိရင် အဲ့ဒီ့ Political Framework အရ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပါမယ်။ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေမှာ ဒေသအလိုက်၊ လူမျိုးအလိုက် နောက်တခါ အကြောင်းအရာ အလိုက် CSO ဖိုရမ်တွေ ဒါတွေကိုကျင်းပကြပါမယ်။ အဲ့သလိုကျင်းပဖို့အတွက် ကျနော်တို့က ကဏ္ဍတွေ ခေါင်းစဉ်တွေ ကျနော်တို့ ချပေးပါမယ်။ ကျနော်အထင်တော့ တလပတ်ဝန်းကျင်လောက်အတွင်းမှာ ဒါတွေ ဖြစ်လာမှာပါလေ။ ယူဆရတာပေါ့ ဒါ ကျနော်တို့ Framework တော့ လုပ်ရဦးမှာပေါ့။"

နိုင်ငံရေးဆွေးနွေးပွဲတွေကို ကဏ္ဍ(၆)ခုခွဲပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်က အစုတစု၊ တိုင်းရင်းသား လက်နက်ကိုင်တွေက တစုနဲ့ နိုင်ငံရေးပါတီတွေက အစုတစုအဖြစ် ပါဝင်ဆွေးနွေး ရမှာဖြစ်ပါတယ်။ ဆွေးနွေးချက်အားလုံးကို UPDJC မှာ ဆုံချက်အဖြစ် ထားပြီး ကြေလည်မှုရတဲ့အထိ ဆွေးနွေးမယ်လို့ ဒေါက်တာ ဆလိုင်းလျန်မုန်း က ပြောပါတယ်။

"တကယ့်နိုင်ငံရေးဆွေးနွေးပွဲ လုပ်ရမယ့်နေရာက UPDJC ဖြစ်ပါတယ်။ အဲ့ဒီ့ UPDJC မှာ သဘောတူညီမှုရနိုင်မယ့်အပိုင်းတွေကို ကျနော်တို့ အနေနဲ့ ပြည်ထောင်စုငြိမ်း ချမ်းရေး ညီလာခံကို တင်မှာဖြစ်တယ်။ ပြည်ထောင် စုငြိမ်းချမ်းရေး ညီလာခံမှာတော့ နောက်တခါမှာ ဆိုရင်တော့ အစုအဖွဲ့အလိုက်ဆွေးနွေး ဒါကို သဘောတူလို့ရှိရင် ကျနော်တို့ မျှော်မှန်း တာက နောက်ထပ် ခြောက်လ မှာကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာတော့ အနည်းဆုံးပြည်ထောင်စု သဘောတူစာချုပ် အချက် ၂ချက် ၃ချက်လောက်တော့ ထွက်လာမယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ "

ဦးသိန်းစိန် အစိုးရလက်ထက်က NCA အပစ်ခတ်ရပ်စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်(၈)ဖွဲ့ကသာ လက်မှတ်ထိုးခဲ့တာဖြစ်ပြီး၊ အားလုံး ပါဝင်ခွင့်ပေးရေးမူကို ဦးသိန်းစိန်အစိုးရက လက်မခံတာကြောင့် UNFC တပ်ပေါင်းစုမှာပါတဲ့ ကျန်လက်နက်ကိုင်(၉)ဖွဲ့က လက်မှတ်မထိုးခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG