သုံးရလွယ်ကူစေသည့် Link များ

ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာမခံရေး တိုင်းရင်းသားတွေ တောင်းဆို


၂၁ ရာစု ပင်လုံညီလာခံ ဒုတိယနေ့

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံမှာ ကတိပြုခဲ့ကြတဲ့အတိုင်း အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စုအတွက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် -ပြဌာန်းခွင့်တွေကို အာမခံမယ့်အချက်တွေ ထည့်သွင်းပေးဖို့ ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဆွေးနွေးကြတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေက တိုက်တွန်းလိုက်ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့က ဒုတိယမြောက်နေ့အဖြစ်ကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့ သဘောထားတွေကို ပွင့်ပွင့်လင်းလင်း တင်ပြကြတာတွေ့ရပါတယ်။ ပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေကြား ယခင် ပင်လုံညီလာခံကာလတုန်းက သဘောတူထားခဲ့တာမို့ ဒါကို အလေးထားထည့်သွင်းဖို့ လိုကြောင်း မွန်အမျိုးသားပါတီရဲ့ အထွေထွေ အတွင်းရေးမှူး နိုင်လယိတမက ၂၁ ရာစုပင်လုံညီလာခံမှာ တိုက်တွန်းသွားပါတယ်။

“၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပါပဲ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာ အခြေခံရမယ့် မူ ၄ ချက်နဲ့ လမ်းညွန်ချက် ၇ ချက်ကိုချမှတ်ခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတဲ့ တသီးပုဂ္ဂိလ ပြည်နယ်တွေဟာ လုံးဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အ၀ ရရှိခံစားစေရမယ်ဆိုတဲ့ အချက်ပါခဲ့ပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်များဟာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာ အခြေခံမူတွေကို အခိုင်အမာ ချမှတ်ထားခဲ့ပြီဖြစ်ပါတယ်။”

ဦးသိန်းစိန်အစိုးရလက်ထက်မှာ အပစ်ရပ်ခဲ့တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA ဗဟိုကော်မတီဝင် ဒုဗိုလ်မှူးကြီး စိုင်းငင်းကလဲ ပြည်နယ်တွေအရေး ပြည်နယ်များကိုယ်တိုင် ဖြေရှင်းခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဆွေးနွေးသွားခဲ့ပါတယ်။

“ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA အနေဖြင့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ၊ ဒီမိုကရေစီအရေး၊လူ့အခွင့်အရေး စသည့်အနှစ်သာရများ ပြည်နယ်အရေးကို ပြည်နယ်များကိုယ်တိုင် ဖြေရှင်းခွင့်ဆိုတဲ့ ၁၉၄၇ ပင်လုံစာချုပ်နှင့် ၁၉၆၁ ပြည်နယ်များညီလာခံ မှာ ဖော်ပြပါရှိပြီးဖြစ်တဲ့ အခြေခံအကြောင်း ၂ ရပ်ပေါ်မျှတစွာ ဖော်ထုတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။”

ဒီပင်လုံညီလာခံ မတိုင်ခင် ကချင်ပြည်နယ် မိုင်ဂျာယံမှာကျင်းပတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အစည်းဝေးပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲဖို့ ဆုံးဖြတ်ခဲ့တယ်လို့ တင်ပြသူကတော့ ‘၀’ ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးရန်ကျော်ဖြစ် ပါတယ်။

“ဒီမိုကရေစီစနစ်ထွန်းကားပြီး ဖက်ဒရယ်စနစ်နဲ့အညီ အခြေခံဥပဒေအသစ်ပြန်လည်ပြင်ဆင်ရေးဆွဲ ရန်ဖြစ်ပြီး အနှစ်ချုပ်မှာ ငြိမ်းချမ်းရေး ရရှိရန်ဖြစ်သဖြင့် ကျနော်တို့ ‘၀’ ဒီမိုကရက်တစ်ပါတီ အနေဖြင့် ဂုဏ်ယူထောက်ခံပါတယ်။”

ဒီလိုတောင်းဆိုမှုတွေ ရှိပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေဟာ ဖယ်ဒရယ်စနစ်အတွက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်လို့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုးတင့်က ပြောဆိုသွားပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ရည်မှန်းချက်တွေကို ဥပဒေပညာရှင်တဦးဖြစ်တဲ့ ပါမောက္ခ ရိုနာဝစ် ရဲ့ တနည်းအားဖြင့် ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး ဖွင့်ဆိုချက်များနဲ့ ချိန်ထိုးကြည့်မယ်ဆို၇င် ဗဟိုအစိုးရနဲ့ ဒေသအစိုးရများ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးအာဏာ ၂ ရပ်ကို ပိုင်းခြားပေးထားခြင်း ၊ ဘဏ္ဍာရေးနဲ့ သံယံဇာတများ အစိုးရ ၂ ရပ်အကြားခွဲဝေသုံးစွဲမှုကို ပိုင်းခြားသတ်မှတ်ပေး ထားခြင်း ရှိခြင်းတို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၂၀၀၈ ဟာဆိုရင် ဖက်ဒရယ်စနစ်ရဲ့ ၀ိသေသ လက္ခဏာများနဲ့ ကိုက်ညီမှုရှိကြောင်း သုံးသပ်တင်ပြပါတယ်။”

ကြံ့ခိုင်ရေးပါတီနဲ့ အခြား တပ်မတော်သားကိုယ်စားလှယ်တွေကလဲ ၂၀၀၈ ဖွဲ့စည်းပုံ ဟာ ဖယ်ဒရယ် ဖွဲ့စည်းပုံနဲ့ ညီညွတ်တယ်ဆိုပြီး ၂၁ ရာစု ပင်လုံညီလာခံမှာ အဓိက ထောက်ပြ ပြောဆို သွားကြပါတယ်။

XS
SM
MD
LG