သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတွေ အတွေးအခေါ်ပြောင်းဖို့ ယန်ဟီးလီ ထောက်ပြ


Ms. Yanghee Lee ရဲ့ ၁၂ ရက်ကြာ မြန်မာပြည်ခရီးစဉ်အပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ။

မြန်မာ့အစိုးရသစ်ရဲ့ ဦးဆောင်မှုနဲ့ စစ်အစိုးရလက်ထက်မှာ အဆက်ဆက် တည်ဆောက်ခဲ့တဲ့ ဗျူရိုကရေစီ ယန္တရားကြား အားပြိုင်မှုတွေရှိနေတာကြောင့် အတွေးအခေါ်ပြောင်းလဲမှုတွေပါ အချိန်ယူပြီး ပြောင်းလဲဖို့ လိုအပ်နေတယ် လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee က ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ နိုင်ငံသား စိစစ်ရေးနဲ့ပတ်သက်လို့ အစိုးရအနေနဲ့ ဒေသခံတွေနဲ့ သေချာဆွေးနွေး သင့်ကြောင်း ထောက်ပြပြောဆိုလိုက်ပါတယ်။ Ms. Yanghee Lee ရဲ့ ၁၂ ရက်ကြာ မြန်မာပြည်ခရီးစဉ်အပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ VOA သတင်းထောက် မသိင်္ဂီလင်း က ပြောပြပေးပါ့မယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ ကို လေ့လာဖို့ ရောက်ရှိနေ တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ ခရီးစဉ်ဟာ ဒီနေ့မှာပဲ ပြီးဆုံးပြီဖြစ်ပါတယ်။ သူ့ရဲ့ ခရီးစဉ်အတွင်း ဥပဒေပြုလွှတ်တော်ကို သွားရောက်လေ့လာတဲ့အခါ မြန်မာ့အစိုးရသစ်ရဲ့ ဦးဆောင်မှုနဲ့ စစ်အစိုးရလက်ထက် အဆက်ဆက်တည်ဆောက်ခဲ့တဲ့ ဗျူရိုကရေစီ ယန္တရားကြား အားပြိုင်မှုတွေကို တွေ့ရှိခဲ့တာကြောင့် အတွေးအခေါ်ပိုင်း ဆိုင်ရာပြောင်းလဲမှုတွေ လိုအပ်နေတယ်လို့ Ms. Yanghee lee က အခုလို ပြောဆိုလိုက်ပါတယ်။

"အရပ်သားအစိုးရ ဦးဆောင်မှုနဲ့ စစ်အစိုးရလက်ထက် အရိုးစွဲလာတဲ့ ဗျူရိုကရေစီယန္တရားကြား ပြင်းထန်တဲ့ အားပြိုင်မှုတွေရဲ့ ရလဒ်အဖြစ် မူဝါဒနဲ့ ချဉ်းကပ်နည်းတွေ ဒွန်တွဲနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဒီမိုကရေစီစနစ်နဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ဟန့်တားထားတဲ့ မူဘောင်ထဲမှာ ဒီမိုကရေစီနည်းကျကျ အုပ်ချုပ်နိုင်ဖို့ စိန်ခေါ်မှုတွေရှိနေတာကိုလည်း တွေ့ရပါတယ်။ ဒီ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက်ကတော့ အပြုအမူနဲ့ အတွေးအခေါ်ပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်ပါတယ်။ ဒီပြောင်းလဲမှုအတွက် အချိန်ယူရမယ်ဆိုပေမယ့် ဦးစားပေးဖို့ အရေးကြီးပါတယ်။"

Ms. Yanghee Lee ဟာ အုပ်ချုပ်ရေးကဏ္ဍနဲ့ ပတ်သက်လို့ ဝန်ကြီးဌာနတွေရဲ့ ရက် ၁၀၀ စီမံချက်တွေကိုလည်း သွားရောက်လေ့လာခဲ့တာပါ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်ဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ကြိုတင်အကြောင်းကြားမှုမရှိတာကို ဒေသခံတွေဆီကနေ ပြန်ကြားရတာကြောင့် အစိုးရအနေနဲ့ လုပ်ငန်းစဉ် မစတင်မီ ဒေသခံတွေနဲ့ သေချာဆွေးနွေးသင့်တယ်လို့ Ms. Yanghee Lee က အခုလို ထောက်ပြပြောဆိုလိုက်ပါတယ်။

"ကျမ ရခိုင်ပြည်နယ်ကို သွားတဲ့အခါမှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အတွက် ကြိုတင်အကြောင်းကြားမှုမရှိဘူးလို့ တင်ပြကြပါတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ဒီလုပ်ငန်းစဉ်လုပ်မယ်ဆိုရင် စိစစ်ခံရမယ့် လူ့အဖွဲ့အစည်းတွေ နဲ့ သေချာဆွေးနွေးထားဖို့ လိုအပ်ပါတယ်။ စိစစ်ခံရမယ့်သူတွေအနေနဲ့ ဘယ်တော့ စိစစ်ခံရမယ်၊ ဘယ်တော့ ရလဒ်ကို ပြန်သိရမယ် စသဖြင့် တိကျတဲ့အချိန်သတ် မှတ်ချက်ထားရှိဖို့ လိုအပ်ပါတယ်။"

တဆက်တည်းမှာပဲ မြန်မာအစိုးရဘက်က ရခိုင်ပြည်နယ်အတွင်း လူ့အသိုင်း အဝိုင်း နှစ်ခုကြား ပြဿနာတွေ ပိုပြီး မရှုပ်ထွေးလာအောင် “ရခိုင်ပြည်နယ်က မူစလင် အသိုင်းအဝိုင်း” လို့ ပြောင်းလဲ ခေါ်ဝေါ်ဖို့ ကုလသမဂ္ဂကို တိုက်တွန်းထားပေမယ့် Ms. Yanghee Lee ကတော့ နိုင်ငံတကာ လူ့အခွင့်အရေး ကာကွယ်သူ တစ်ယောက်အနေနဲ့ သူ့ရဲ့သဘောထားနဲ့ အခေါ်အဝေါ် ကို ပြောင်းလဲမှာမဟုတ် ဘူးလို့လည်း ပြောပါတယ်။

ဒါ့အပြင် အစိုးရတာဝန်ရှိသူတွေအနေနဲ့ အမုန်းစကားပြန့်ပွားတာနဲ့ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်နေတယ် လို့လည်း Ms. Yanghee Lee က ပြောပါတယ်။ လတ်တလောဖြစ်ပွားခဲ့တဲ့ သူရဲသမိန်ကျေးရွာက ပဋိပက္ခနဲ့ပတ်သက်လို့ အစိုးရရဲ့ လုပ်ဆောင်ချက်ဟာ မှားယွင်းတယ်လို့ အခုလို ပြောပါတယ်။

"အစိုးရအနေနဲ့ ဖြစ်ရပ်ကို သေချာစုံစမ်းစစ်ဆေးပြီး ပြစ်မှုကျူးလွန်သူကို အမြန် အရေးယူဖို့ အရေးကြီးပါတယ်။ အစိုးရအနေနဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေကြား အခြေအနေပိုဆိုးလာမှာ စိုးရိမ်လို့ အရေးမယူတာဟာ မှားယွင်းတဲ့လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ အပြစ်ကျူးလွန်တဲ့ မည်သူကိုမဆို တရားဥပဒေနဲ့ အညီအရေးယူခြင်းအားဖြင့် လူနည်းစု လူမျိုးနဲ့ ဘာသာဝင်တွေအပေါ် အကြမ်းဖက်မှုတွေ မရှိအောင် ဆောင်ရွက်ရပါမယ်။"

တချိန်တည်းမှာပဲ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေဟာ တိုးတက်မှုမရှိလာသလို တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာလည်း ရှိမြဲပဲဖြစ်တယ်လို့ Ms. Yanghee Lee က ပြောပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် လိုအပ်ချက်တွေ အများကြီးရှိနေသေးတာကြောင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အားလုံးပါဝင်တဲ့ ၂၁ ရာစုပင်လုံညီလာခံ ကျင်းပတဲ့ အခါ နိုင်ငံရေးအရ တင်မကဘဲ လူ့အခွင့်အရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေလည်း ရှိဖို့ လိုအပ် တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီမံကိန်းကြီးတွေဆောင်ရွက်ရာမှာ လည်း ဒေသခံပြည်သူတွေရဲ့အသံကို နားထောင်ဖို့လည်း Ms. Yanghee Lee က အကြံပြုပါတယ်။

Ms. Yanghee Lee ရဲ့ခရီးစဉ်ဟာ လေးကြိမ်မြောက် မြန်မာနိုင်ငံခရီးဖြစ်ပြီး NLD အစိုးရသစ်လက်ထက်မှာ ပထမဦးဆုံးအကြိမ်ရောက်လာတာလည်းဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ တွေ့ရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေတွေကို စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အစီရင်ခံစာ တင်သွင်းသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG