သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရာသီဥတုေျပာင္းလဲမႈ ဆြီဒင္ဆယ္ေက်ာ္သက္ ကမၻာ့ေခါင္းေဆာင္ေတြကို စိန္ေခၚ


နယူးေယာက္ ကုလသမဂၢ ဌာနခ်ဳပ္မွာ တနလာၤေန႔က က်င္းပတဲ႔ ဥတုရာသီ ေျပာင္းလဲမႈကို အေရးယူ လုပ္ေဆာင္ေရး ေတာင္းဆိုတဲ႔ ညီလာခံမွာ ဥတုရာသီ ေျပာင္းလဲမႈဆိုင္ရာ အေရး တက္ၾကြလႈပ္ရွားသူ ဆြီဒင္ ဆယ္ေက်ာ္သက္ Greta Thunberg က ကမၻာ့ေခါင္းေဆာင္ေတြကို ျပစ္တင္ႀကိမ္းေမာင္း ေျပာဆိုခဲ႔ပါတယ္။

ကမၻာႀကီး ပူေႏြးမႈ ေၾကာင့္ လူထုဟာ အတိဒုကၡေတြ ခံစား၊ ေသဆံုးေနၾကခ်ိန္မွာ ေခါင္းေဆာင္ေတြ အားလံုးကေတာ့ လက္ေတြ႔ လုပ္ေဆာင္ခ်က္ မပါဘဲ ကတိေတြဘဲ ေပးေနတယ္လို႔လည္း ေျပာဆိုသြားပါတယ္။ ဗီြအိုေအ သတင္းေထာက္ Margaret Besheer ရဲ႕ သတင္းကို မသိဂၤ ီထုိက္ ေျပာျပေပးမွာပါ။

လူႀကီးေတြက ပဋိပကၡေတြကို ဖန္တီးခဲ႔ၾကၿပီး ဒီရဲ႕ အက်ိဳးဆက္ကိုေတာ့ လူငယ္ မ်ိဳးဆက္ေတြက တာ၀န္ခံၾကရမယ္လို႔ ၁၆ ႏွစ္ အရြယ္ တက္ၾကြလႈပ္ရွားသူ Greta Thunberg က စိတ္လႈပ္ရွားစြာ အခုလို ေျပာဆိုသြားပါတယ္။

“က်မတို႔ အေပၚမွာ ပ်က္ကြက္ခဲ႔ၾကပါတယ္။ ဒါေပမယ့္ လူႀကီးေတြရဲ႕ သစၥာေဖာက္မႈကို လူငယ္ေတြက နားလည္စျပဳလာပါၿပီ။ အနာဂတ္ မ်ိဳးဆက္ေတြက လူႀကီးေတြကို ၾကည့္ေနၾကပါတယ္။ လူႀကီးေတြ အေနနဲ႔ ထပ္ၿပီး ပ်က္ကြက္မယ္ဆိုရင္ေတာ့ လူငယ္ေတြက ဘယ္ေတာ့မွ ခြင့္လႊတ္ႏိုင္မွာ မဟုတ္ပါဘူး။”

သမၼတေတြနဲ႔ ၀န္ႀကီးခ်ဳပ္ေတြ ၆၀ ေက်ာ္ တက္ေရာက္ခဲ႔ၾကတဲ႔ ကုလသမဂၢ အေထြေထြ ညီလာခံ အေထြေထြ ညီလာခံ ခန္းမႀကီးထဲမွာ ဒီကိစၥကို လစ္လ်ဴရႈထားခြင့္ ျပဳမွာမဟုတ္ဘူးဆုိတာနဲ႔ ႀကိဳက္သည္ ျဖစ္ေစ မႀကိဳက္သည္ ျဖစ္ေစ အေျပာင္းအလဲက ျဖစ္လာေနၿပီဆိုတာကို Thunberg က သတိေပး ေျပာဆိုသြားတာ ျဖစ္ပါတယ္။ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ကေတာ့ သူ႔ကို ေထာက္ခံပါတယ္။

“က်ေနာ္တို႔ မ်ိဳးဆက္က ကမၻာေျမကို ကာကြယ္ရမယ့္ တာ၀န္၀တၱရား ပ်က္ကြက္ခဲ႔ပါတယ္။ ဒါကို ေျပာင္းလဲ ရပါမယ္။”

ရုပ္ၾကြင္းေလာင္စာ ထုတ္ယူတာကို ရပ္ဖို႔နဲ႔ ေက်ာက္မီးေသြးသံုး ဓာတ္အားေပး စက္ရံုအသစ္ေတြ ထပ္ၿပီး မေဆာက္ၾကဖို႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က တိုက္တြန္းပါတယ္။ ကမၻာေပၚက ေလထု အညစ္ညမ္းဆံုး ႏုိင္ငံ တခ်ိဳ႕ အပါအ၀င္ ေခါင္းေဆာင္ အမ်ားအျပားကေတာ့ သက္ဆိုင္ရာ ႏုိင္ငံတြင္းမွာ ကာဗြန္ ဓာတ္ေငြ႔ ေလွ်ာ့ခ်ဖို႔နဲ႔ ေက်ာက္မီးေသြး အပါအ၀င္ သဘာ၀ ပတ္၀န္းက်င္ ညစ္ညမ္းမႈ ျဖစ္ေစမယ့္ စြမ္းအင္ေတြကို ေျပာင္းလဲဖို႔ ကတိျပဳၾကပါတယ္။ ေလထု အညစ္ညမ္းဆံုး ႏုိင္ငံတခု ျဖစ္တဲ႔ အိႏၵိယႏုိင္ငံက ၂၀၁၁ ခုႏွစ္ အေရာက္မွာ ျပန္ျပည့္ၿမဲ စြမ္းအင္ အသံုးျပဳမႈႏုိင္စြမ္းကို ၁၇၅ ဂီဂါ၀ပ္ အထိ တိုးျမွင့္မယ္လုိ႔ ကတိျပဳသြားပါတယ္။ ကုလသမဂၢကို ရွားရွားပါးပါး လာတက္တဲ႔ ဂ်ာမနီ ၀န္ႀကီးခ်ဳပ္ Angela Merkel ကေတာ့ သူမ ႏုိင္ငံ အတြင္းမွာ ၁၉၉၀ ျပည့္ႏွစ္တုန္းက ဖန္လံုအိမ္ ဓာတ္ေငြ႔ ထုတ္လႊတ္မႈရဲ႕ ၅၅ ရာခိုင္ႏႈန္း အထိ ၂၀၃၀ ျပည့္ႏွစ္ အေရာက္မွာ ေလွ်ာ့ခ်သြားမယ္လို႔ ကတိျပဳခဲ႔ပါတယ္။ ၂၀၅၀ ျပည့္ႏွစ္ အေရာက္မွာေတာ့ ဂ်ာမနီမွာ ကာဗြန္ထုတ္လႊတ္မႈ လံုး၀ ကင္းစင္ရမယ္လို႔လည္း ဂ်ာမနီ ၀န္ႀကီးခ်ဳပ္က ကတိျပဳသြားပါတယ္။

ကုလသမဂၢရဲ႕ ရာသီဥတု ေျပာင္းလဲမႈ ဆိုင္ရာ ၂၀၁၅ ခုႏွစ္ ပါရီ သေဘာတူညီခ်က္ကေန ႏုတ္ထြက္ဖို႔ ရည္ရြယ္ထားေၾကာင္း ေၾကညာထားတဲ႔ အေမရိကန္ သမၼတ Donald Trump ကေတာ့ ဒီညီလာခံကို တက္ေရာက္ဖို႔ အစီအစဥ္ မရွိခဲ႔ေပမယ့္လည္း ညီလာခံကို တက္ေရာက္ခဲ႔ၿပီး ေခါင္းေဆာင္ေတြရဲ႕ မိန္႔ခြန္းကို ၁၅ မိနစ္ေလာက္ နားေထာင္ၿပီးေနာက္ ျပန္ထြက္သြားခဲ႔ပါတယ္။

နယူးေယာက္က ကုလသမဂၢ ဥတုရာသီ ေျပာင္းလဲမႈ အေရး ညီလာခံ က်င္းပဖို႔ ရွိေနခ်ိန္ တနလာၤေန႔ မနက္ခင္းမွာဘဲ အေမရိကန္ ျပည္ေထာင္စု ၿမိဳ႕ေတာ္ ၀ါရွင္တန္ ဒီစီမွာလည္း ၿမိဳ႕တြင္း လမ္းေတြ ကိုပိတ္ၿပီး ဥတု ရာသီ ေျပာင္းလဲမႈ အေရး ဆႏၵျပခဲ႔ၾကပါတယ္။ Shut Down DC ဒီစီကို ပိတ္ဆို႔ပစ္ၾကဆိုတဲ႔ ဆႏၵျပပြဲမွာေတာ့ ဥတုရာသီ ေျပာင္းလဲမႈကို အေရးယူ ကိုင္တြယ္ေျဖရွင္းေရး အေမရိကန္ လႊတ္ေတာ္ အမတ္ေတြဘက္က ေဆာင္ရြက္ၾကဖို႔ ေတာင္းဆိုခဲ႔ၾကပါတယ္။ ဆႏၵျပပြဲကို ပါ၀င္ခဲ႔တဲ႔ မသက္စုတင္ကေတာ့ ကမၻာတလႊား ရာသီဥတု ေျပာင္းလဲမႈေတြ အေပၚ စိုးရိမ္ခ်က္ကို အခုလို ေျပာပါတယ္။

“ဗမာျပည္မွာက ေတာင္ေတြက ကတံုးေတြ ျဖစ္သြားၿပီ၊ အင္ဒိုနီးရွားမွာက ေရေတြ ႀကီးလာတယ္ေလ၊ ဖီဂ်ီကြ်န္းကလည္း ေရက ျမဳပ္ေတာ့မယ္ေလ။”

တနလာၤေန႔ ဒီစီဆႏၵျပပြဲမွာေတာ့ ဆႏၵျပသူ တခ်ိဳ႕ကို ရဲက ဖမ္းခဲ႔ေပမယ့္ ေနာက္ပိုင္းမွာ ျပန္လႊတ္ေပးခဲ႔ပါတယ္။ ဥတု ရာသီ ေျပာင္းလဲမႈကို အေရးယူ ေဆာင္ရြက္ေပးေရး အတြက္ စက္တင္ဘာလ ၂၀ ရက္ေန႔ကေန ၂၇ ရက္ေန႔ၾကား သီတင္းတပတ္ၾကား လူငယ္ တက္ၾကြလႈပ္ရွားသူေတြက ဦးေဆာင္ၿပီး ဆႏၵျပ ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။ ကမၻာ့ေခါင္းေဆာင္ေတြ အေနနဲ႔ ရာသီဥတု ေျပာင္းလဲမႈကို အေရးယူ ေျဖရွင္း ေဆာင္ရြက္ဖို႔ ေတာင္းဆိုတဲ႔ ၿပီးခဲ႔တဲ႔ ေသာၾကာေန႔ကစလို႔ ကမၻာတလႊားမွာ လူေပါင္း သန္းခ်ီ ဆႏၵျပခဲ႔ၾကတာပါ။ ျမန္မာႏုိင္ငံမွာလည္း ဥတုရာသီ ေျပာင္းလဲမႈ အေရး အစိုးရဘက္က ေျဖရွင္းေဆာင္ရြက္ဖို႔ ေတာင္းဆိုတဲ႔ ဆႏၵျပပြဲကို တနဂၤေႏြေန႔က ရန္ကုန္ၿမိဳ႕မွာ က်င္းပခဲ႔ၾကၿပီး လူငယ္ အဖြဲ႔အစည္းေတြ ေက်ာင္းသားေတြ ဦးေဆာင္တဲ႔ ဒီဆႏၵျပပြဲမွာေတာ့ လူေပါင္း ၂၀၀ ေက်ာ္ ပါ၀င္ခ်ီတက္ခဲ႔ၾကပါတယ္။

................

{Unicode}

နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ တနလာၤနေ့က ကျင်းပတဲ့ ဥတုရာသီ ပြောင်းလဲမှုကို အရေးယူ လုပ်ဆောင်ရေး တောင်းဆိုတဲ့ ညီလာခံမှာ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ အရေး တက်ကြွလှုပ်ရှားသူ ဆွီဒင် ဆယ်ကျော်သက် Greta Thunberg က ကမ္ဘာ့ခေါင်းဆောင်တွေကို ပြစ်တင်ကြိမ်းမောင်း ပြောဆိုခဲ့ပါတယ်။

ကမ္ဘာကြီး ပူနွေးမှု ကြောင့် လူထုဟာ အတိဒုက္ခတွေ ခံစား၊ သေဆုံးနေကြချိန်မှာ ခေါင်းဆောင်တွေ အားလုံးကတော့ လက်တွေ့ လုပ်ဆောင်ချက် မပါဘဲ ကတိတွေဘဲ ပေးနေတယ်လို့လည်း ပြောဆိုသွားပါတယ်။ ဗွီအိုအေ သတင်းထောက် Margaret Besheer ရဲ့ သတင်းကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

လူကြီးတွေက ပဋိပက္ခတွေကို ဖန်တီးခဲ့ကြပြီး ဒီရဲ့ အကျိုးဆက်ကိုတော့ လူငယ် မျိုးဆက်တွေက တာဝန်ခံကြရမယ်လို့ ၁၆ နှစ် အရွယ် တက်ကြွလှုပ်ရှားသူ Greta Thunberg က စိတ်လှုပ်ရှားစွာ အခုလို ပြောဆိုသွားပါတယ်။

“ကျမတို့ အပေါ်မှာ ပျက်ကွက်ခဲ့ကြပါတယ်။ ဒါပေမယ့် လူကြီးတွေရဲ့ သစ္စာဖောက်မှုကို လူငယ်တွေက နားလည်စပြုလာပါပြီ။ အနာဂတ် မျိုးဆက်တွေက လူကြီးတွေကို ကြည့်နေကြပါတယ်။ လူကြီးတွေ အနေနဲ့ ထပ်ပြီး ပျက်ကွက်မယ်ဆိုရင်တော့ လူငယ်တွေက ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။”

သမ္မတတွေနဲ့ ဝန်ကြီးချုပ်တွေ ၆၀ ကျော် တက်ရောက်ခဲ့ကြတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အထွေထွေ ညီလာခံ ခန်းမကြီးထဲမှာ ဒီကိစ္စကို လစ်လျူရှုထားခွင့် ပြုမှာမဟုတ်ဘူးဆိုတာနဲ့ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ အပြောင်းအလဲက ဖြစ်လာနေပြီဆိုတာကို Thunberg က သတိပေး ပြောဆိုသွားတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကတော့ သူ့ကို ထောက်ခံပါတယ်။

“ကျနော်တို့ မျိုးဆက်က ကမ္ဘာမြေကို ကာကွယ်ရမယ့် တာဝန်ဝတ္တရား ပျက်ကွက်ခဲ့ပါတယ်။ ဒါကို ပြောင်းလဲ ရပါမယ်။”

ရုပ်ကြွင်းလောင်စာ ထုတ်ယူတာကို ရပ်ဖို့နဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံအသစ်တွေ ထပ်ပြီး မဆောက်ကြဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းပါတယ်။ ကမ္ဘာပေါ်က လေထု အညစ်ညမ်းဆုံး နိုင်ငံ တချို့ အပါအဝင် ခေါင်းဆောင် အများအပြားကတော့ သက်ဆိုင်ရာ နိုင်ငံတွင်းမှာ ကာဗွန် ဓာတ်ငွေ့ လျှော့ချဖို့နဲ့ ကျောက်မီးသွေး အပါအဝင် သဘာ၀ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်စေမယ့် စွမ်းအင်တွေကို ပြောင်းလဲဖို့ ကတိပြုကြပါတယ်။ လေထု အညစ်ညမ်းဆုံး နိုင်ငံတခု ဖြစ်တဲ့ အိန္ဒိယနိုင်ငံက ၂၀၁၁ ခုနှစ် အရောက်မှာ ပြန်ပြည့်မြဲ စွမ်းအင် အသုံးပြုမှုနိုင်စွမ်းကို ၁၇၅ ဂီဂါဝပ် အထိ တိုးမြှင့်မယ်လို့ ကတိပြုသွားပါတယ်။ ကုလသမဂ္ဂကို ရှားရှားပါးပါး လာတက်တဲ့ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel ကတော့ သူမ နိုင်ငံ အတွင်းမှာ ၁၉၉၀ ပြည့်နှစ်တုန်းက ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၅၅ ရာခိုင်နှုန်း အထိ ၂၀၃၀ ပြည့်နှစ် အရောက်မှာ လျှော့ချသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ၂၀၅၀ ပြည့်နှစ် အရောက်မှာတော့ ဂျာမနီမှာ ကာဗွန်ထုတ်လွှတ်မှု လုံး၀ ကင်းစင်ရမယ်လို့လည်း ဂျာမနီ ဝန်ကြီးချုပ်က ကတိပြုသွားပါတယ်။

ကုလသမဂ္ဂရဲ့ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ၂၀၁၅ ခုနှစ် ပါရီ သဘောတူညီချက်ကနေ နုတ်ထွက်ဖို့ ရည်ရွယ်ထားကြောင်း ကြေညာထားတဲ့ အမေရိကန် သမ္မတ Donald Trump ကတော့ ဒီညီလာခံကို တက်ရောက်ဖို့ အစီအစဉ် မရှိခဲ့ပေမယ့်လည်း ညီလာခံကို တက်ရောက်ခဲ့ပြီး ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းကို ၁၅ မိနစ်လောက် နားထောင်ပြီးနောက် ပြန်ထွက်သွားခဲ့ပါတယ်။

နယူးယောက်က ကုလသမဂ္ဂ ဥတုရာသီ ပြောင်းလဲမှု အရေး ညီလာခံ ကျင်းပဖို့ ရှိနေချိန် တနလာၤနေ့ မနက်ခင်းမှာဘဲ အမေရိကန် ပြည်ထောင်စု မြို့တော် ဝါရှင်တန် ဒီစီမှာလည်း မြို့တွင်း လမ်းတွေ ကိုပိတ်ပြီး ဥတု ရာသီ ပြောင်းလဲမှု အရေး ဆန္ဒပြခဲ့ကြပါတယ်။ Shut Down DC ဒီစီကို ပိတ်ဆို့ပစ်ကြဆိုတဲ့ ဆန္ဒပြပွဲမှာတော့ ဥတုရာသီ ပြောင်းလဲမှုကို အရေးယူ ကိုင်တွယ်ဖြေရှင်းရေး အမေရိကန် လွှတ်တော် အမတ်တွေဘက်က ဆောင်ရွက်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ပါဝင်ခဲ့တဲ့ မသက်စုတင်ကတော့ ကမ္ဘာတလွှား ရာသီဥတု ပြောင်းလဲမှုတွေ အပေါ် စိုးရိမ်ချက်ကို အခုလို ပြောပါတယ်။

“ဗမာပြည်မှာက တောင်တွေက ကတုံးတွေ ဖြစ်သွားပြီ၊ အင်ဒိုနီးရှားမှာက ရေတွေ ကြီးလာတယ်လေ၊ ဖီဂျီကျွန်းကလည်း ရေက မြုပ်တော့မယ်လေ။”

တနလာၤနေ့ ဒီစီဆန္ဒပြပွဲမှာတော့ ဆန္ဒပြသူ တချို့ကို ရဲက ဖမ်းခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဥတု ရာသီ ပြောင်းလဲမှုကို အရေးယူ ဆောင်ရွက်ပေးရေး အတွက် စက်တင်ဘာလ ၂၀ ရက်နေ့ကနေ ၂၇ ရက်နေ့ကြား သီတင်းတပတ်ကြား လူငယ် တက်ကြွလှုပ်ရှားသူတွေက ဦးဆောင်ပြီး ဆန္ဒပြ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ ရာသီဥတု ပြောင်းလဲမှုကို အရေးယူ ဖြေရှင်း ဆောင်ရွက်ဖို့ တောင်းဆိုတဲ့ ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ ကမ္ဘာတလွှားမှာ လူပေါင်း သန်းချီ ဆန္ဒပြခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာလည်း ဥတုရာသီ ပြောင်းလဲမှု အရေး အစိုးရဘက်က ဖြေရှင်းဆောင်ရွက်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ကြပြီး လူငယ် အဖွဲ့အစည်းတွေ ကျောင်းသားတွေ ဦးဆောင်တဲ့ ဒီဆန္ဒပြပွဲမှာတော့ လူပေါင်း ၂၀၀ ကျော် ပါဝင်ချီတက်ခဲ့ကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG