သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမှာ ဒုက္ခသည်သောင်းချီတိုး (UNOCHA)


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ဒေသခံများ (သြဂုတ် ၉၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ဒေသခံများ (သြဂုတ် ၉၊ ၂၀၂၃)

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာ အောက်တိုဘာ ၂၆ ရက်နေ့ထဲက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန်ထွက်ပြေးရသူ ၂၅၀၀၀ ကျော် တိုးလာတယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ နိုဝင်ဘာ ၂ ရက်နေ့အထိ ပြည်တွင်းဒုက္ခသည်သစ် ၂၅၇၀၀ လောက် တိုးလာတယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂညှိနှိုင်းရေးမှုးရုံး UNOCHA က နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာဆိုရင် မြို့နယ်ပေါင်း ၂၂ ခုထဲက ၉ ခုထက်မနည်းမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် အိုးအိမ်ပစ် ထွက်ပြေးနေရသူတွေ သိသိသာသာ တိုးလာပြီး လူသားချင်းစာနာမှုအကူအညီတွေ အလွန်လိုအပ်နေတယ်လို့ ထောက်ပြထားပါတယ်။ လတ်တလောတိုက်ပွဲတွေကြောင့် တိုးလာသူ ၂၃၀၀၀ ကျော် အပါအဝင် ရှမ်းပြည်မြောက်ပိုင်းမှာ ပြည်တွင်းဒုက္ခသည် စုစုပေါင်း ၃၇၄၀၀ ကျော် ရှိနေပြီလို့ UNOCHA ကပြောပါတယ်။ အဲဒီဒေသအတွက် အကူအညီပေးပို့ရာမှာ လိုအပ်တဲ့ တရုတ်ကနေ ရှမ်းပြည်မြောက်ပိုင်းကို သွားတဲ့ လမ်းကြောင်းတွေဟာ စစ်တပ်နဲ့ လက်နက်ကိုင်တိုင်းရင်းသားတပ်တွေရဲ့ စစ်ဆေးရေးဂိတ်တွေကြောင့် လက်ရှိမှာ အတားအဆီးတွေဖြစ်နေပြီး အရေးပါတဲ့ တံတားတခုထက်မနည်းကလည်း ပျက်စီးသွားတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အဲဒီဒေသမှာ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ဒုက္ခသည်တွေအတွက် တတ်နိုင်သလောက် အကူအညီတွေပေးနေပေမဲ့ မလုံလောက်တာကိုလည်း ပြောထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ ကရင်ပြည်နယ်ထဲက နေရာတော်တော်များများမှာ တယ်လီဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကိုလည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG