ရိုဟင်ဂျာ ဒုက္ခသည်တွေလို လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ အမုန်းတရား ဖြန့်ဝေမှုတွေကို တားဆီးရေး ဆုံးဖြတ်ချက်တရပ် မနေ့က ကုသလမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်လိုက်ပါတယ်။ အမုန်းတရား ဖြန့်ဝေမှု၊ လူမျိုးရေးနဲ့ ကျားမ ခွဲခြားဆက်ဆံမှု၊ နိုင်ငံခြားသားမုန်တီးမှု စတဲ့ အစွန်းရောက်မှုတွေဟာ ပဋိပက္ခတွေ ထပ်တလဲလဲ ပြန်လည် ပေါ်ပေါက်စေတဲ့ အကြောင်းတရားတွေအဖြစ် အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။
ပထမတချက်က ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေက လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ နှိပ်စက်ညှဉ်ပန်းမှုတွေ အကြောင်းကို ပထမဆုံးအကြိမ် တိုက်ရိုက် ထည့်သွင်းထားတာပါ။ ကျနော်တို့ ဆွေးနွေးတဲ့အတိုင်း အီရတ်နိုင်ငံက Yazidis လူမျိုးစုတွေ၊ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ ယီမင်မှာ ဟူသီလူမျိုးစုတွေ ထိန်းချုပ်ထားတဲ့ နေရာမှာ Baha လူမျိုးစုတွေရဲ့ အရေးကိစ္စတွေ ပါဝင်ပါတယ်။
ဒုတိယချက်က ပဋိပက္ခတွေအတွင်း သွေးထိုးလှုံ့ဆော်တာတွေ၊ သတင်းမှားတွေဖြန့်တာ၊ ဝါဒဖြန့် မှိုင်းသွင်းတာတွေ ကာကွယ်ဖို့ဖြစ်ပါတယ်ဆိုပြီး ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် အမြဲတမ်း ကိုယ်စားလှယ်ရုံး ဒုတာဝန်ခံ သံအမတ်ကြီး James Kariuki ပြောဆိုသွားတာပါ။ ဒီဆုံးဖြတ်ချက်က အမုန်းတရား ဖြန့်ဝေမှုကြောင့် ကျရောက်လာနိုင်တဲ့ အန္တရာယ်ကို အမြဲတစေ စောင့်ကြည့်ပြီး ပဋိပက္ခတွေကို ရှောင်လွှဲနိုင်အောင် အောက်ခြေ အဖွဲ့အစည်းတွေနဲ့ ပိုပြီး ပူးပေါင်း ဆောင်ရွက်နိုင်ရေး တွန်းအားပေးတဲ့ ဆုံးဖြတ်ချက်လို့လည်း သံအမတ်ကြီး James Kariuki က ပြောပါတယ်။
အမုန်းတရားနဲ့ လူမျိုးရေး ခွဲခြားမှုတွေကို မဖြေရှင်းနိုင်ဘူးဆိုရင် မျိုးဆက် တဆက်ပြီးတဆက် ပဋိပက္ခကြားက ရုန်းထွက်နိုင်မှာ မဟုတ်တဲ့အကြောင်း အာရပ်စော်ဘွားများ ပြည်ထောင်စု UAE နိုင်ငံက သံအမတ်ကြီး Lana Zaki Nusseibeh ကလည်း ပြောပါတယ်။ လူမျိုးရေး ဘာသာရေး၊ ကျား မ စတာတွေကို အခြေခံ လှုံ့ဆော်တဲ့ အကြမ်းဖက်မှုနဲ့ အမုန်းတရား ဖြန့်ဝေမှုတွေကို ရှုတ်ချဖို့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို လုံခြုရေးကောင်စီ ဆုံးဖြတ်ချက်က တိုက်တွန်းထားတာ ဖြစ်ပါတယ်။