သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးအခွင့်အရေး ချိုးဖောက်မှု အမည်မည်းစာရင်းမှာ မြန်မာစစ်တပ်ကို ထည့်သွင်းဖို့ ကုလကို တိုက်တွန်း


ပဋိပက္ခအတွင်း ပိတ်မိနေတဲ့ ကလေးငယ်များကို အကာအကွယ်ပေးရေး ညွှန့်ပေါင်းအဖွဲ့က ကလေးငယ်တွေကို သတ်ဖြတ်မှုနဲ့ ကလေးအခွင့်အရေး ကျူးလွန်ချိုးဖေါက်မှုတွေအတွက် မြန်မာ၊ အစ္စရေးနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေက အစိုးရတပ်တွေကို ကုလသမဂ္ဂရဲ့ ၂၀၁၈ ခုနှစ်အတွက် နာမည်ပျက် အမည်မည်း စာရင်းမှာ ထည့်သွင်းဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ကို မနေ့က အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဒေါ်လှလှသန်းက ဆက်ပြီးတော့ ပြောပြပါလိမ့်မယ်။

ကလေးသူငယ်များနဲ့ လက်နက်ကိုင် ပဋိပက္ခ စောင့်ကြည့်ရေး စာရင်း ပြုစုတဲ့ ညွန့်ပေါင်း အဖွဲ့က မြန်မာ၊ အစ္စရေးနဲ့ အာဖဂန်နစ္စတန် တို့ရှိ အစိုးရတပ်တွေကို ကုလသမဂ္ဂရဲ့ အမည်မည်း စာရင်းမှာ ထည့်သွင်းဖို့ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက် ကို မတ်လ ၆ ရက်နေ့ အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ ပြီးခဲ့တဲ့ နှစ်က ရာထူးလက်ခံခဲ့ပြီးတဲ့နောက် ကလေးများနဲ့ လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ ဒုတိယမြောက် အစီရင်ခံစာထုတ်ပြန်ဖို့ လက်ရှိ ပြင်ဆင်နေတာ ဖြစ်ပြီး အဲဒီ အစီရင်ခံစာရဲ့ နောက်ဆက်တွဲမှာ ဒီ အမည်မည်းစာရင်းကို ထည့်သွင်းဖို့ ညွန့်ပေါင်းအဖွဲ့က တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။

ကလေးသူငယ်များနဲ့ လက်နက်ကိုင် ပဋိပက္ခ အမည်မည်းစာရင်းကို ပြုစုတဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ အကြံပေးဘုတ်အဖွဲ့မှာ ဥက္ကဌ ဖြစ်သူ Dragica Mikavica က မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံက အစိုးရတပ်နဲ့ သူပုန်အုပ်စုတွေ ပါဝင်တဲ့ အုပ်စု ၆ စုကို အမည်မည်း စာရင်း တင်သွင်းဖို့ ကုလသမဂ္ဂမှာ အင်္ဂါနေ့ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို တိုက်တွန်းခဲ့ပါတယ်။

" အတွင်းရေးမှူးချုပ် အနေနဲ့ နိုင်ငံ ၇ နိုင်ငံတို့က အုပ်စု ၆ ခုကို သူ့ရဲ့ ၂၀၁၈ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာရဲ့ နောက်ဆက်တွဲမှာ ထည့်ဖို့ ကျမတို့ ပထမဆုံး တိုက်တွန်းလိုပါတယ်။ ဒီအုပ်စုတွေကို အမည်မည်းစာရင်း တင်သွင်းဖို့ ခိုင်လုံတဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ အုပ်စုတွေကတော့ မြန်မာနိုင်ငံ၊ အာဖဂန်နစ္စတန်၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတ နိုင်ငံ၊ အစ္စရေးလ် နိုင်ငံတို့က အစိုးရတပ်တွေနဲ့ အလယ်အာဖရိက၊ မာလီနဲ့ တောင်ဆူဒန်တို့မှာ ရှိကြတဲ့ သူပုန်အုပ်စုတွေ ဖြစ်ပါတယ်။ "

ဒါ့အပြင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ကလေးသူငယ်တွေ အပေါ် မြန်မာ လုံခြုံရေးတပ်တွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကိုလည်း သူက ဥပမာပေး ထောက်ပြခဲ့ပါတယ်။

" မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရှိတဲ့ တူလာတိုလင် ကျေးရွာမှာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တုန်းက ရိုဟင်ဂျာတွေ ရာနဲ့ချီပြီးတော့ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ အဲဒီ ကမ်းခြေမှာ ကလေးတွေကို သတ်ဖြတ်ပြီးတော့ မြစ်ထဲကို ပစ်ချခဲ့တယ်ဆိုတာကို HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က စုံစမ်းသိရှိခဲ့ပါတယ်။"

အလားတူဘဲ MSF ခေါ် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ကလည်း ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နှစ် သြဂုတ်လ ၂၅ ရက်နေ့ ကနေ စက်တင်ဘာ ၂၄ ရက်ကြား အသက် ၅ နှစ်အောက် ကလေးပေါင်း ၅၃၀ တို့ အသတ်ခံခဲ့ရပြီး ဘင်္ဂလားဒေရှ့် ဒုက္ခသည် စခန်းတွေမှာ သွားရောက် စာရင်းကောက်ယူမှုတွေ အရ ရိုဟင်ဂျာပေါင်း ၆ ထောင့် ၇ ရာ သေဆုံးခဲ့ရာမှာ ၅၉ ရာခိုင်နှုန်းက ကလေးတွေ ဖြစ်ပြီး ၁၅ ရာခိုင်နှုန်းက သူတို့ နေအိမ်တွေမှာ မီးလောင် သေဆုံးခဲ့ကြပြီး ၂ ရာခိုင်နှုန်းတို့က မြေမြုပ်မိုင်း ပေါက်ကွဲလို့ သေဆုံးခဲ့ကြောင်း တွေ့ရှိခဲ့တယ်လို့လည်း မစ္စ Mikavica ကထောက်ပြခဲ့ပါတယ်။

အခုလို အမည်မည်း စာရင်း တင်သွင်းမှု စာရင်းပြုစုရာမှာ ၂၀၁၇ ခုနှစ် အတွင်း အထောက်အထားတွေ အရ Amnesty International၊ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့၊ နယ်စည်းမခြား ဆရာဝန်များအဖွဲ့အပြင် အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ ယုံကြည်ရတဲ့ NGO အဖွဲ့အစည်းတွေထံက အစီရင်ခံစာတွေကို အခြေခံပြီး တွေ့ဆုံမေးမြန်းခန်းတွေ အရ အမည်မည်း စာရင်းကို ပြုစု ခဲ့တာလည်း ဖြစ်ပါတယ်။

Jo Becker ကတော့ Human Rights Watch ရဲ့ ကလေးသူငယ်များဆိုင်ရာ တာဝန်ခံ တဦး ဖြစ်ပါတယ်။ ကလေးစစ်သားများ ပပျောက်ရေး အဖွဲ့ကိုလည်း မတည်ခဲ့သူ ဖြစ်ပြီး သူ့အနေနဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေကို စစ်တပ်ထဲ သွတ်သွင်းခြင်း မခံရအောင် လှုပ်ရှားမှုမှာလည်း အောင်မြင်စွာ စွမ်းဆောင်ခဲ့သူ ဖြစ်တဲ့ အပြင် ကလေးသူငယ်များ အခွင့်အရေးနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံကို သွားရောက် လေ့လာခဲ့ဖူးသူ ဖြစ်ပါတယ်။

သူက အခု လက်ရှိ တင်သွင်းတဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင် ပဋိပက္ခ စောင့်ကြည့်ရေး အဖွဲ့ရဲ့ အမည်မည်း စာရင်းမှာ တင်သွင်းခံရတဲ့ အဖွဲ့တွေ အနေနဲ့ ဒီစာရင်းကနေ ပယ်ဖျက်ရအောင် ဘယ်လိုလုပ်ဆောင်ဖို့ လိုအပ်သလဲ ဆိုတာကိုလည်း အခုလို သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီအမည်မည်း စာရင်း တင်သွင်းခံရတဲ့ အုပ်စုတွေ အနေနဲ့ စာရင်းထဲကနေ ပယ်ဖျက်ခံရဖို့က ခိုင်မာပြီး အချိန်အကန့်အသတ်နဲ့ အပြည့်အ၀ လိုက်နာ ဆောင်ရွက်ရမယ့် အချက်တွေကို အကောင်အထည်ဖော်ဖို့ သဘောတူရမှာ ဖြစ်ပါတယ်။ ဒါကို ချိုးဖောက်သူတွေ အနေနဲ့ ဌာနေ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကြား ညှိနှိုင်းယူရမှာ ဖြစ်ပါတယ်။ ဌာနေအဖွဲ့အစည်းတွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တာဝန်ပေးချက် အရ ဆွေးနွေးရမှာ ဖြစ်ပြီး ချိုးဖောက်မှုတွေ အဆုံးသတ်ရေး အတွက် လုပ်ဆောင်ဖို့ လိုအပ်တဲ့ ခိုင်မာတဲ့ ဆောင်ရွက်မှုတွေ အကောင်အထည်ဖော်ဖို့ သဘောတူရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အတွင်းရေးမှူးချုပ် ပြောခဲ့တဲ့ အတိုင်း အမည်မည်း စာရင်းကနေ ပယ်ဖျက်ပေးနိုင်ဖို့ က တနှစ်ပတ်လုံး ဘယ်လိုချိုးဖောက်မှုမျိုးကိုမှ မကျူးလွန်မှ ဖြစ်ပါမယ်လို့ Jo Becker က ပြောသွားတာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် အမည်မည်း စာရင်းကိုတော့ လာမယ့် ဇွန်လ နှောင်းပိုင်းမှာ တင်သွင်းမယ့် အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက် ရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ အစီရင်ခံစာရဲ့ နောက်ဆက်တွဲမှာ ဖော်ပြထားဖို့ ရှိပါတယ်။

XS
SM
MD
LG