သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ငြိမ်းစုစီ ဥပဒေ မှာ ပုဒ်မတခုတိုးဖို့ အမျိုးသားလွှတ်တော် ကြိုးပမ်း


အမျိုးသားလွှတ်တော်

၂၀၁၆ အောက်တိုဘာတုန်းက ပြင်ဆင်လိုက်တဲ့ ငြိမ်းစုစီ လို့လူသိများတဲ့ ဥပဒေကို ထပ်မံပြင်ဆင်နိုင်ဖို့ အမျိုးသားလွှတ်တော်မှာ ဥပဒေကြမ်းကော်မတီက ဒီကနေ့ တင်ပြခဲ့ပါတယ်။ အခု အဆိုပြုထားတဲ့မူကြမ်းအရ မူလတည်ဆဲ ဥပဒေထက် ပုဒ်မတခု ထပ်တိုး တင်ပြထားတဲ့အပြင် စီတန်းလှည့်လည် ဆန္ဒပြသူတွေ အနေနဲ့ ဆန္ဒပြပွဲ ကုန်ကျစရိတ်နဲ့ ကုန်ကျစရိတ်ခံသူကိုပါ တင်ပြရမယ်ဆိုတဲ့ အချက်ပါရှိလာပါတယ်။ အဲဒီလို ကုန်ကျစရိတ် တင်ပြဖို့တောင်းဆိုတဲ့ အပေါ်မှာ သုံးသပ်မှုတွေ အမျိုးမျိုးထွက်ပေါ် နေပါတယ်။ ဒီအကြောင်း ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် မေခက ပေးပို့ထားပါတယ်။

ဒီဥပဒေဟာ အရင်သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်တုန်းက ရေးဆွဲခဲ့တာဖြစ်ပြီး လူ့အခွင့်အရေး စံချိန်တွေနဲ့ မကိုက်တာကြောင့် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါကို NLD အစိုးရလက်ထက် ၂၀၁၆ အောက်တိုဘာမှာ ပြန်လည် ပြင်ဆင်ရေးဆွဲ ပြဌာန်းခဲ့ပါတယ်။ အဲဒီ တည်ဆဲ ဥပဒေ ကျင့်သုံး နေတာ ၂နှစ် မပြည့်ခင်မှာ ဒုတိယအကြိမ် ပြန်လည် ပြင်ဆင်ဖို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာမြတ်ညာဏစိုးက ဖေဖော်ဝါရီ ၁၉ရက်နေ့မှာ လွှတ်တော်မှာ တင်ပြခဲ့တာပါ။

"ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃၅၂ မှာ ပြဌာန်းထားချက်အရ နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ရပ်ရွာ အေးချမ်းသာယာရေး၊ သို့မဟုတ် ပြည်သူတို့ရဲ့ ကိုယ်ကျင့်တရား အကျိုးဌာ ပြဌာန်းထားတဲ့ ဥပဒေနဲ့ ဆန့်ကျင်ခြင်းမရှိဘဲ ငြိမ်းချမ်းစွာ စည်တန်းလှည့်လည်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ငြိမ်းချမ်းစွာစည်တန်း လှည့်လည်ခြင်း ဥပဒေကို အပုဒ် ၆ပုဒ်နဲ့ ပြင်ဆင်ဖို့ တင်သွင်းထားပါတယ်။"

လက်ရှိ ပြင်ဆင်ဖို့ လုပ်ဆောင်နေတဲ့ တင်လာတဲ့ ဥပဒေကြမ်းမှာ ဥပဒေပုဒ်မ တခုထပ်တိုးတင်ပြထားပါတယ်။ ပြင်ဆင်မယ့် အချက်တွေနဲ့ ပတ်သတ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိန်းကို ဗွီအိုအေက ဆက်သွယ်မေးမြန်းတာမှာတော့ သူက ပြင်ဆင်မယ့် အချက်တွေထဲက အချက်အချို့ကို အခုလို ပြောပြပါတယ်။

"ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၄ ဃ ကိုအောက်ပါအတိုင်း အစားထိုးရမည်။ အစားထိုးရမှာက ခန့်မှန်း ကုန်ကျစရိတ်နဲ့ ကုန်ကျခံမယ့် ပုဂ္ဂိုလ် အဖွဲ့အစည်းပေါ့။ ငြိမ်းချမ်းစွာ စီတန်းခြင်း ဥပဒေ အခန်း ၇ ပြစ်မှု ပြစ်ဒဏ်တွေမှာ အောက်ပါအတိုင်း ဖြည့်စွက်ရမည်။ မည်သူမဆို နိုင်ငံတော်လုံခြုံရေး တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်း သာယာရေး၊ သို့မဟုတ် ပြည်သူတို့ရဲ့ ကိုယ်ကျင့်တရားအကျိုးကို ပျက်ပြားစေရန် အကြံနဲ့ဖြစ်စေ၊ ထိုသို့ ပျက်နိုင်ရာကြောင်း အခြေအနေ ဖြစ်နိုင်ကြောင်း သိရက်နဲ့ဖြစ်စေ၊ ငွေသို့ ပစ္စည်းကို လည်းကောင်း၊ အခြားနည်းလမ်းတခုခုကို သုံးစွဲပြီး လူတဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းခြင်းပြုအောင် သွေးဆောင်ခြင်း၊ လှုံဆော်ခြင်း တိုက်တွန်းခြင်း ပြုကြောင်း ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၃နှစ် ထက်မပိုတဲ့ ထောင်ဒဏ်ချရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။"

အဲဒီလို ကုန်ကျစရိတ်တင်ပြဖို့ တောင်းဆိုတာနဲ့ ပတ်သက်လို့ လူငယ်နဲ့လူမှုဘဝဖော်ဆောင်ရေး စင်တာက အမှုဆောင် ကိုသက်ဆွေဝင်း အခုလို မှတ်ချက်ပေးပါတယ်။

"ကျနော်တို့တွေ လုပ်ကြတဲ့ ဒီဆန္ဒပြပွဲတွေ လှုပ်ရှားမှုတွေတိုင်းက ကျနော်တို့ အစစ်ဆေး ခံနိုင်တယ်။ အလှုရှင် အဖွဲ့တွေရှိရင် နောက်ဆုံး ငွေကြေး ရှင်းတမ်းပြန်လုပ် တာတွေ နောက် စာရင်းစစ်ဝင်တာတွေ အမြဲလုပ်တယ်။ အရပ်ဘက် အဖွဲ့တွေဘက်က ဒါနဲ့ပတ်သတ်လို့ အမြဲအစစ်ခံနိုင်တယ်။ သို့သော် ဒါမျိုးရေးတင်ရမှာကိုတော့ ကျနော် တို့လည်းလုံးဝလက်မခံနိုင်ဘူး။ သဘောမကျဘူး၊ အဓိပ္ပါယ်မရှိဘူးယူဆတယ်။ ငွေရေးကြေးရေးထိန်းချုပ်မှုလိုချင်တယ်ဆိုရင်တော့ သိချင်တယ်ဆိုရင်တော့ တခြားနည်းတခုခုနဲ့ အစိုးရအနေနဲ့ စစ်ဆေးပိုင်ခွင့် လုပ်တဲ့သူတွေ အစစ်ခံပိုင်ခွင့်ရှိရမယ် ဆိုတာမျိုးပေါ့။ တနည်းတဖုံထည့်ရင်လူမြင်ကောင်းမယ် ထင်တယ်။ အခုလိုပုံစံကြီးက ကျနော်လည်း တော်တော်သဘောမကျပါဘူး"

လက်ရှိတည်ဆဲ ဥပဒေမှာ ပုဒ်မ ၂၈ခုပါဝင်ထားပြီး အခန်း ၈ ခန်းပါဝင်ထားပါတယ်။ တနင်္လာနေ့က တင်သွင်းတဲ့ ဥပဒေမူကြမ်းကို လွှတ်တော်အနေနဲ့ ကြားနာမှုတွေ ဘယ်တော့ ပြုလုပ်မယ်ဆိုတာကို မသိရသေးသလို၊ ဒီ မူကြမ်းကို လွှတ်တော်မှာ ဆွေးနွေးပြီးတဲ့အခါ အတည်ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာလည်း အတိအကျ မသိနိုင်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG