(Zawgyi / Unicode)
UK နဲ့ အိုင်ယာလန်နိုင်ငံတွေက ခရီးသွားတွေကို တနင်္လာနေ့ ညသန်းခေါင်ကစပြီး အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်မှာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအရေးကြောင့် ဥရောပနိုင်ငံတွေက ခရီးသွားတွေကို ပြည်ဝင်ခွင့်ပိတ်လိုက်တဲ့ အမေရိကန်က UK နဲ့ အိုင်ယာလန်ကိုပါ ပြည်ဝင်ခွင့် ပိတ်မယ့်စာရင်းထဲ ထပ်တိုးကြောင်း စနေနေ့မှာ ကြေညာလိုက်တာပါ။
UK နဲ့ အိုင်ယာလန်တို့က ခရီးသွားလာမှုအားလုံး ဆိုင်းငံ့ဖို့ သမ္မတ Donald Trump က ဆုံးဖြတ်ကြောင်း၊ အမေရိကန် စံတော်ချိန် တနလာၤနေ့ ညသန်းခေါင်မှာ စတင်သက်ရောက်မယ့်အကြောင်း ဒုတိယသမ္မတ Mike Pence က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားပါတယ်။
UK နဲ့ အိုင်ယာလန်တို့က အမေရိကန်တွေနဲ့ အမေရိကန် အမြဲတမ်းနေထိုင်ခွင့် ရထားသူတွေကတော့ ပြန်လာနိုင်ကြောင်း၊ ဒီလူတွေကိုတော့ သတ်မှတ် လေဆိပ်တွေကနေတဆင့် ဝင်ရောက်ရမှာ ဖြစ်တယ်လို့လည်း ဒုတိယသမ္မတ Pence က ပြောပါတယ်။
သမ္မတ Trump က ဥရောပနိုင်ငံတွေကို ပြည်ဝင်ခွင့် ပိတ်လိုက်တာကြောင့် ဥရောပ တာဝန်ရှိသူတွေဘက်က မကျေမနပ် တုံ့ပြန်ခဲ့ကြပါတယ်။
ဥရောပ ၂၆ နိုင်ငံကို ရက် ၃၀ ပြည်ဝင်ခွင့်ပိတ်တဲ့ အမေရိကန်ရဲ့ တားမြစ်မှုက စနေနေ့မှာ စတင်သက်ရောက်ပါတယ်။
ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူက စနေနေ့မှာ ၂ ဆတက်သွားပြီး သေဆုံးသူ ၂၁ ယောက် ရှိနေပါတယ်။
ဗြိတိန်မှာ ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အတည်ပြုလူနာပေါင်း ၁,၁၄၀ ရှိပြီး ကျန်းမာရေးဆိုင်ရာ အကြီးတန်း တာဝန်ရှိသူတွေကတော့ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၅,၀၀၀ နဲ့ ၁၀,၀၀၀ ကြား ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အိုင်ယာလန်နိုင်ငံမှာတော့ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ အခုအချိန်ထိ ၇၀ ဦး ရှိနေပြီး တဦး သေဆုံးခဲ့ပါတယ်။
----------------------------
(Unicode)