သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သားတွေအကာအကွယ်မဲ့တဲ့ ရာဖာမြို့ အစ္စရေးထိုးစစ် ကန်လက်မခံ 


တောင်ပိုင်းဂါဇာက အစ္စရေးဗုံးဒဏ်သင့်အဆောက်အဦးတခု။ (ဧပြီ ၃၀၊ ၂၀၂၄)
တောင်ပိုင်းဂါဇာက အစ္စရေးဗုံးဒဏ်သင့်အဆောက်အဦးတခု။ (ဧပြီ ၃၀၊ ၂၀၂၄)

ဂါဇာတောင်ပိုင်းက ရာဖာမြို့ကို အရပ်သားတွေ ထိခိုက်မှုမရှိစေတဲ့ အစီအမံတွေ မပါဘဲ အစ္စရေးကဝင်တိုက်တာမျိုး အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ အစ္စရေးကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ဗုဒ္ဓဟူးနေ့က ဂျေရုဆလင်မှာတွေ့ဆုံပြီးနောက် Ashdod မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ “အရပ်သားတွေ မထိခိုက်ဖို့ ထိရောက်တဲ့ အစီအမံတွေကို မတွေ့ရဘူး” လို့ ဘလင်ကန်က ပြောပါတယ်။

“တချိန်တည်းမှာပဲ ကျနော်တို့ရဲ့အကဲဖြတ်ချက်အရ ရာဖာမှာ ကြီးမားတဲ့ စစ်ဆင်ရေးတွေမလုပ်ဘဲနဲ့ ဟာမတ်စ်တွေရဲ့ စိန်ခေါ်မှုကိုကိုင်တွယ်ဖြေရှင်းနိုင်မယ့် ပိုမိုကောင်းမွန်တဲ့ တခြားနည်းလမ်းတွေလည်း ရှိနေသေးတယ်” လို့ သူက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အစ္စရေးကိုရောက်နေတုန်းမှာပဲ အီဂျစ်နိုင်ငံမြို့တော်ကိုင်ရိုဟာ ဟာမတ်စ်နဲ့အစ္စရေးကြားက ဂါဇာမှာ အပစ်ရပ်နိုင်ရေး အသေးစိတ် အချက်အလက်တွေကို ခက်ခက်ခဲခဲညှိနှိုင်း ဆွေးနွေးမှုတွေ ဆက်လက် လုပ်နေချိန် ဖြစ်ပါတယ်။

“ဟာမတ်စ်အနေနဲ့ သဘောတူညီချက်ရယူမလားဆိုတာ ဆုံးဖြတ်ရမှာဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသက ပြည်သူတွေအတွက် အလေးထားစဥ်းစားဖို့ လိုပါတယ်။ ကြန့်ကြာနေဖို့အချိန်မရှိတော့ပါဘူး။ အပေးအယူလုပ်ပြီး သဘောတူညီချက်ကို ရယူသင့်ပါတယ်” လို့လည်း အစ္စရေးက သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးဘလင်ကန်က တိုက်တွန်းသွားပါတယ်။

နေတန်ယာဟုကတော့ ဂါဇာကမ်းမြောင်မှာ ဟာမတ်စ်ထိန်းချုပ်ထားမှုကို အပြီးတိုင်ဖယ်ရှားနိုင်ဖို့က ရာဖာကို ထိုးစစ်ဆင်ရမယ်လို့ အစဥ်တစိုက် ပြောနေတာပါ။ ဟာမတ်စ်နဲ့အပစ်ရပ်ရေးနဲ့ ဓားစာခံလဲလှယ်ရေး သဘောတူညီချက်တွေ ရခဲ့ရင်လည်း ရာဖာကို ဆက်တိုက်မယ်လို့ ဆိုထားပါတယ်။

ဂါဇာတဝန်းက အစ္စရေးထိုးစစ်တွေ၊ ပြောင်းရွှေ့မိန့်တွေကြောင့် အိုးအိမ်စွန့်ခွာလာသူတွေအပါအဝင် ပါလက်စတိုင်း ၁ သန်းကျော်ဟာ ရာဖာမှာ ရောက်ရှိခိုလှုံနေပါတယ်။ ရာဖာထိုးစစ်ကို ကန့်ကွက်ကြောင်း အမေရိကန်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

အစ္စရေး ခရီးစဥ်အတွင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ အစ္စရေးသမ္မတ အိုင်းဇက် ဟာ့ဇောဂ် (Isaac Herzog) နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ ဟာမတ်စ်ဖမ်းထားတဲ့ အစ္စရေးဓားစာခံတွေ ပြန်လွတ်ရေးကို နိုင်ငံတကာက ထိပ်တန်းဦးစားပေးလုပ်ခဲ့ဖို့လိုကြောင်း အစ္စရေးသမ္မတ ဟာ့ဇောဂ်က တောင်းဆိုခဲ့ပါတယ်။

ဘလင်ကန်ဟာ ဟာ့ဇောဂ်နဲ့တွေ့ဆုံအပြီးမှာ ဟာမတ်စ်ဖမ်းထားသူတွေ ပြန်လွှတ်ရေး အပြင်ဘက်မှာ ဆန္ဒထုတ်ဖော်နေသူတွေနဲ့လည်းတွေ့ဆုံခဲ့ပြီး ဓားစာခံတွေ ပြန်လွတ်ရေးကိုလည်း အဓိကလုပ်နေကြောင်း ပြောခဲပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG