သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ရေးဆွေးနွေးဆဲ အစ္စရေးရဲ့တိုက်ခိုက်မှု ဂါဇာမှာ လူရာကျော်သေဆုံး


အစ္စရေးတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြှောင် ရာဖာမှာ ပျက်စီးခဲ့ရတဲ့ ဗလီတခုအတွင်း သောကြာနေ့ ဝတ်ပြုဆုတောင်နေတဲ့ ပါလက်စတိုင်းပြည်သူများ။
အစ္စရေးတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြှောင် ရာဖာမှာ ပျက်စီးခဲ့ရတဲ့ ဗလီတခုအတွင်း သောကြာနေ့ ဝတ်ပြုဆုတောင်နေတဲ့ ပါလက်စတိုင်းပြည်သူများ။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာမှာ ၂၄ နာရီအတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဟားမတ်စ်တွေ ထိန်းချုပ်ထားတဲ့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောပါတယ်။

ဂါဇာတောင်ပိုင်းက Khan Younis နဲ့ ရာဖာမြို့တွေမှာ အစ္စရေးက လေကြောင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူဟာ အနည်းဆုံး ၁၀၄ ယောက်ရှိနေတယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ စစ်ပွဲ စတင်ချိန်ကတည်းကဆိုရင် အစ္စရေးတွေရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသား ၃ သောင်းနီးပါး သေဆုံးခဲ့ရကြောင်းလည်း ဖေါ်ပြထားပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ စစ်ပွဲပြီးဆုံးတဲ့နောက်ပိုင်း ဂါဇာဒေသအတွက် သူ့ရဲ့အစီအစဉ်ကို ကြာသပတေးနေ့ ညနေပိုင်းမှာ စစ်ရေးကက်ဘိနက်အဖွဲ့ကို ချပြခဲ့ပြီး အဲဒီဒေသမှာ အစ္စရေးက အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ ရေရှည်ဆက်ပြီး ထိန်းနိုင်အောင် လုပ်ဖို့ တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် ဂါဇာတောင်ပိုင်း နယ်စပ် အဝင်အထွက်ကို အစ္စရေးတွေထိန်းချုပ်ဖို့အတွက် အီဂျစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရော၊ အမေရိကန်ပြည်ထောင်စုနဲ့ လက်တွဲဆောင်ရွက်ဖို့ပါ တောင်းဆိုထားတာပါ။

အစ္စရေးရဲ့ ဒီအစီအစဉ်အတွက် အီဂျစ်ဘက်က အတည်ပြုချက် ပေးမပေးတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အမေရိကန် CNN သတင်းဌာနကတော့ အစ္စရေးအရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး အီဂျစ်ဟာ အမေရိကန်နဲ့ အတူလက်တွဲ လုပ်ဆောင်မှာဖြစ်ကြောင်း ပြောပါတယ်။

ဒီအစီအစဉ်ကို ပါလက်စတိုင်း ကိုယ်စားလှယ်တွေက လက်မခံကြောင်း သတင်းတွေမှာ ဖေါ်ပြပါတယ်။ ဒီအစီစဥ်ထဲက တချို့အချက်တွေဟာ လွတ်လပ်တဲ့ ပါလက်စတိုင်းအဖြစ် အစ္စရေးနဲ့ နှစ်နိုင်ငံ အတူယှဉ်တွဲ နေထိုင်ရေး အမေရိကန်က မြင်ချင်တဲ့ ပုံစံနဲ့ ကွဲနေတယ်လို့ ထောက်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG