သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးဓါးစာခံကိစ္စညှိနှိုင်းမှု တိုးတက်လာ


အစ္စရေးကာကွယ်ရေးဝန်ကြီး Benny Gantz
အစ္စရေးကာကွယ်ရေး အစိုးရအဖွဲ့ဝင် Benny Gantz

ဂါဇာမှာ ယာယီအပစ်ရပ်ရေး ဒေသတွင်း တွေ့ဆုံဆွေးနွေးတာတွေရှိနေချိန်မှာပဲ ဟာမတ်စ်တွေဖမ်းထားတဲ့ အစ္စရေးဓားစာခံတွေ ပြန်လွတ်မြောက်ရေး သဘောတူညီချက်သစ်တရပ် ရနိုင်ဖို့ “တိုးတက်မှု လက္ခဏာတွေ” ရရှိနေပြီ ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေး အစိုးရအဖွဲ့ဝင် Benny Gantz က ဖေဖော်ဝါရီ ၂၁ ရက် (ဖေဖော်ဝါရီ ၂၁) မှာ ပြောပါတယ်။

"ဓားစာခံ ပြန်လွတ်လာရေး သဘောတူညီချက်တရပ်ကိုရဖို့ ဆက်လက်ကြိုးပမ်းနေပြီ ဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတွေ ရှိနေတယ်" လို့ Gantz က ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ “ဓားစာခံတွေ ပြန်လွတ်ရေး နည်းလမ်းတွေ ရှာနေတာကို ရပ်တန့်ပစ်မှာမဟုတ်ဘဲ သူတို့တွေ အိမ်ပြန်နိုင်ဖို့ ဘယ်လို အခွင့်အရေးမျိုးကိုမှ လက်လွတ်မခံဘူး” Gantz က ပြောပါတယ်။

ဒါပေမယ့် သဘောတူညီချက်အသစ်မရရှိခဲ့ရင် အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်မှာ စစ်ဆင်ရေးတွေ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး ရှေ့လမှာ စတင်မယ့် အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ရမ်ဇာန် ဥပုသ်လ အချိန်မှာ ပါလက်စတိုင်း စစ်ပြေးဒုက္ခသည်အများအပြားရောက်နေတဲ့ တောင်ဘက်ခြမ်း အီဂျစ်နယ်စပ်က ရာဖာမြို့ကို မြေပြင်ထိုးစစ်တွေ စတင်မယ်လို့လည်း Gantz က သတိပေးပါတယ်။

ဂါဇာကမ်းမြောင်ကို အစ္စရေးဘက်က တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း လူဦးရေ ၂.၃ သန်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ အိုးအိမ်တွေက ထွက်ပြေးနေရပါတယ်။ အစ္စရေးအစိုးရကလည်း ပါလက်စတိုင်း လူထုကို ဂါဇာတောင်ပိုင်းကို ထွက်ပြေးဖို့ အရင်က ညွန်ကြားခဲ့လို့ အခုဆိုရင် ရာဖာမှာ စစ်ဘေးသင့်သူ ၁.၅ သန်းလောက် ရောက်နေတာပါ။ တချိန်တည်းမှာပဲ ဗုဒ္ဓဟူးနေ့က အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာကမ်းမြောင်ဒေသတခုလုံးမှာ ပါလက်စတိုင်း ၆၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဟာမတ်စ်အဖွဲ့က မနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ လူ ၁,၂၀၀ လောက် သေဆုံးပြီး ဓားစာခံ ၂၅၀ ဖမ်းခံရပြီးနောက်မှာ အစ္စရေးဘက်က ဂါဇာမှာ ဝေဟင်နဲ့မြေပြင်ထိုးစစ်တွေ လုပ်နေတာပါ။ ဒီတိုက်ခိုက်မှုတွေအတွင်း ကလေးနဲ့အမျိုးသမီးအများစုပါတဲ့ ပါလက်စတိုင်း ၂၉,၀၀၀ ကျော် သေဆုံးနေပြီဖြစ်ကြောင်း ဟာမတ်စ်ထိန်းချုပ်ထားတဲ့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG