သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအရေး လွှမ်းမိုးလာတဲ့ ၂၀၂၄ အမေရိကန် ရွေးကောက်ပွဲ 


ဝါရှင်တန်ဒီစီမြို့တော် ယူနီယံစတေရှင် ဘူတာရုံနံရံမှာ ဂါဇာမှာအပစ်ရပ်စဲရေးတောင်းဆိုနေတဲ ပါလက်စတိုင်းထောက်ခံသူတွေရဲ့လက်ဝါးရာများ။ (နိုဝင်ဘာ ၁၇၊ ၂၀၂၃)
ဝါရှင်တန်ဒီစီမြို့တော် ယူနီယံစတေရှင် ဘူတာရုံနံရံမှာ ဂါဇာမှာအပစ်ရပ်စဲရေးတောင်းဆိုနေတဲ ပါလက်စတိုင်းထောက်ခံသူတွေရဲ့လက်ဝါးရာများ။ (နိုဝင်ဘာ ၁၇၊ ၂၀၂၃)

အစ္စရေး-ဟာမတ်စ် ပဋိပက္ခကို ဆန့်ကျင်ကြသူတွေဟာ အမေရိကန်ပြည်ထောင်စုကလမ်းတွေပေါ်မှာ ထွက်ပြီး ဆန္ဒပြကြပါတယ်။ တချို့ ဆန္ဒပြပွဲတွေက သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ မဲဆွယ်ပုံရိပ်ကိုလည်း ထိခိုက်စေပါတယ်။ ဗွီအိုအေအိမ်ဖြူတော် သတင်းထောက် အနီတာ ပိုဝယ်လ် (Anita Powell) က အမေရိကန် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ အစ္စရေး-ဟာမတ်စ် အရေးကိစ္စက ဘယ်လို သက်ရောက်နေလဲ ဆိုတာကို သုံးသပ်ထားပါတယ်။ ဒီသတင်းဆောင်းပါးကို နယူးဟမ်ရှိုင်းယား ပြည်နယ်၊ နာရှုဝါ မြို့က ကယ်ရိုလင်း ပရက်စ်ဆူတီ (Carolyn Presutti ) နဲ့ ဝါရှင်တန်ဒီစီက ပက်စီ ဝီဒါကူဆွာရာ (Patsy Widakuswara) တို့ကလည်း ပါဝင် အားဖြည့်ထားပါတယ်။ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။

ဂါဇာကမ်းမြောင်က ပဋိပက္ခစစ်ပွဲ မီးစမီးပွားက မှန်းဆလို့ မရတဲ့ အရေအတွက် တခုရှိတဲ့ အမေရိကန်မဲဆန္ဒရှင်တွေဆီ ကူးစက်တောက်လောက်နေပြီး ဒါက သမ္မတ ဂျိုးဘိုင်ဒန် တကျော့ပြန် ရွေးကောက်ခံရဖို့ ကြိုးပမ်းချက်ကို အပူမီး သက်ရောက်လို့နေပါတယ်။

ဒါဟာကိုယ်ဝန်ဖျက်ချခွင့်အတွက်ဆန္ဒဖော်ထုတ်ပွဲတခုလို့ ထင်စရာပါ။ တကယ်တော့ ဇန်နဝါရီလ ၂၃ ရက်နေ့တုန်းက ဘိုင်ဒန် မိန့်ခွန်းပြောနေတုန်းမှာ အစ္စရေးရဲ့စစ်ဆင်ရေးအပေါ် အမေရိကန်အစိုးရက ထောက်ခံပေးနေတာကို စိတ်ဆိုးဒေါသထွက်နေတဲ့လူအုပ်က ဝင်ရောက်ဆန္ဒပြခဲ့ကြပြီး သမ္မတကို မကျေနပ်ကြောင်း ပြသခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို Die-In For Humanity လို့ ခေါ်တဲ့ အဖွဲ့တခုက စီစဉ်ခဲ့တာပါ။ အင်အား၇၀၀ ပါဝင်တဲ့ အဲဒီ အဖွဲ့ဟာ ဆန္ဒပြပွဲပေါင်း ၁၀၀ နီးပါး ပြုလုပ်ခဲ့ကြပြီးပါပြီ။

သူတို့က ဘိုင်ဒန်တက်ရောက်တဲ့ပွဲတွေ၊ လွှတ်တော်အဆောက်အအုံနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ နေအိမ်အပြင်ဘက်နဲ့ ဝါရှင်တန်ဒီစီက ဇန်နဝါရီလဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြပါတယ်။

ဟာဇာမီ ဘာမာဒါ (Hazami Barmada) က Die-In For Humanity အဖွဲ့ အတွက်ဦးဆောင်စီစဉ်သူတဦးဖြစ်ပါတယ်။

“ဘိုင်ဒန်ကိုလုံးလုံးလျားလျား ဆန့်ကျင်လာကြတဲ့ ဒီရေစီးကြောင်း အပြောင်းအလဲကို အမေရိကန်ပြည်ထောင်စုမှာကျမတို့မြင်တွေ့နေရပါတယ်။ ဂါဇာမှာ ဖြစ်ပျက်နေတဲ့မတရားမှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်ဖို့ပြောနေတဲ့ အာရပ်-အမေရိကန်တွေရဲ့အသံတွေကို အဆက်မပြတ် လျစ်လျူရှုနေရင် အာရပ်-အမေရိကန်အသိုင်းအဝိုင်းရဲ့မဲကို ရမှာမဟုတ်ဘူးလို့ ကျမတို့ ထုတ်ဖော် ပြောဆိုနေပါတယ်။”

ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဆန္ဒပြတာကို သမ္မတအနေနဲ့ထောက်ခံကြောင်း ဆန္ဒပြခံရအပြီး နောက်ရက်မှာပဲ အိမ်ဖြူတော်ကပြောပါတယ်။

အမျိုးသားလုံခြုံရေးကောင်စီ မဟာဗျူဟာ ဆက်သွယ်ရေးညှိနှိုင်းရေးမှူး ဂျွန်ကာဗီက ဂါဇာမှာ အရပ်သားတွေထိခိုက်မှုနည်းအောင် အစ္စရေးကို ဆက်လက် တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

“သမ္မတဘိုင်ဒန်အနေနဲ့ အစ္စရေးဟာ သူတို့ကိုယ်သူတို့ ဆက်လက်ခုခံပိုင်ခွင့်နဲ့ ကာကွယ်နိုင်စွမ်းရှိဖို့ အရေးကြီးတယ်လို့ ယုံကြည်ပါတယ်။ ဟာမတ်စ်ရဲ့ ခြိမ်းခြောက်မှုက ရှိနေဆဲဆိုတာထင်ရှားပါတယ်။ ဒါပေမယ့်လည်း ဒါက အရပ်သားတွေ ထိခိုက်သေဆုံးမှုအနည်းဆုံးဖြစ်အောင်နဲ့ အကူအညီတွေပေးနိုင်ဖို့ကို အစ္စရေးဘက်ကအထူးဂရုပြုဖို့ ထပ်မံတိုက်တွန်းနေတာကို ရပ်တန့်သွားမှာမဟုတ်ပါဘူး။”

ဘိုင်ဒန်အတွက် ခက်ခဲတဲ့အနေအထားနဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ဝါရှင်တန် အခြေစိုက် သုတေသန အဖွဲ့တခုဖြစ်တဲ့ အမေရိကန် အင်တာပရိုက်စ် အင်စတီကျုရဲ့ ဂုဏ်ထူးဆောင် အကြီးတန်းသုတေသီ နောမ်အွန်းစတိုင်း (Norm Ornstein) ကတော့ ဂါဇာ အရေးက ဘိုင်ဒန်အတွက် နိုင်ငံရေး ပြဿနာ ဆိုတာ အသေအချာပဲလို့ ပြောပါတယ်။

“ဂါဇာကမ်းမြောင်အခြေအနေဟာ ဘိုင်ဒင်အတွက် နိုင်ငံရေးပြဿနာတခုဖြစ်တယ်ဆိုတာ သံသယမရှိပါဘူး။ ခင်ဗျား သေသေချာချာ စဥ်းစားပြီး ဓမ္မဓိဋ္ဌာန်ကျကျ ကြည့်မယ်ဆိုရင် ဘိုင်ဒန်ဟာ ဒီပြဿနာကို သမ္မတတယောက်လုပ်နိုင်သမျှ ဘောင်ထဲက လိမ္မာပါးနပ်စွာနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို အနီးကပ်ဆက်ဆံပေးရင် ဂါဇာမှာအဆိုးဆုံး အခြေအနေတချို့ကိုရှောင်ရှားနိုင်မယ်လို့ သူ အစောပိုင်းကတည်းက နားလည်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ သူဟာ နေတန်ယာဟုနဲ့ ခွဲမရတော့တဲ့အထိ အစ္စရေးအပေါ် အရမ်းနီးစပ်သွားခဲ့ပါပြီ။ ဒီ ကနဦး ရပ်တည်ချက်က အာရပ်-အမေရိကန် မဲဆန္ဒရှင်တွေသာမကဘဲ တိုးတက်တဲ့အတွေးအခေါ်ရှိတဲ့ လူငယ်မဲဆန္ဒရှင်တွေနဲ့ပါ ဝေးကွာသွားစေပြီး အမှန်တကယ် လက်တွေ့မှာ သူ့အတွက်ပိုဆိုးသွားစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အနေနဲ့ နေတန်ယာဟုနဲ့ လမ်းခွဲဖို့ကြိုးစားခဲ့ရင်လည်း သူ့ကို အဓိကထောက်ခံနေကြတဲ့ အစ္စရေးလိုလားသူတွေက မကျေမနပ် ဖြစ်လာနိုင်လာလို့ပါ။”

နိုင်ငံခြားရေးမူဝါဒတွေက အမေရိကန်ရွေးကောက်ပွဲတွေကို အဓိက ထိန်းကျောင်းတာမျိုး ဖြစ်လေ့မရှိပေမယ့် ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့အခြေအနေမျိုးမှာဆိုရင်တော့ ခြားနားမှုဖြစ်စေနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ ပါတီတွင်း သမ္မလောင်းရွေးပွဲတွေမှာတော့ ဇန်နဝါရီ ၂၃ ရက်နေ့က နယူးဟမ်ရှိုင်းယားပြည်နယ်မှာ သမ္မတဂျိုးဘိုင်ဒန်ရော၊ ပြိုင်ဘက် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပါ သူတို့ရဲ့ပါတီအသီးသီးမှာ အနိုင်ရခဲ့ကြပါတယ်။ အဲဒီပြည်နယ်မှာနေထိုင်တဲ့ အိုင်းဇက် ဂီးအား (Isaac Geer) ကတော့ သူ့အနေနဲ့ ဘယ်သူ့ကို မဲပေးမယ်ဆိုတာ မဆုံးဖြတ်ရသေးပေမယ့် လာမယ့်ရွေးကောက်ပွဲမှာ သူ မဲပေးမယ့် ဆုံးဖြတ်ချက်ကတော့ တခုတည်းသောအကြောင်းကြောင့်လို့ ပြောပါတယ်။

“ဒီရွေးကောက်ပွဲမှာ မဲပေးရတဲ့အကြီးမားဆုံးအကြောင်းရင်းကတော့ နိုင်ငံခြားရေးမူဝါဒပါ။ ပြည်ပစစ်ပွဲတွေကနေရုန်းထွက်ပြီး၊ စစ်အသုံးစရိတ်ကို လျှော့ချပြီး အမေရိကန်တပ်ဖွဲ့ဝင်တွေကို အိမ်ပြန်လာခိုင်းတာ၊ ထပ်ပြီးတော့ မစေလွှတ်တာတွေလုပ်ဖို့က ကျနော့်အတွက်တော့ တကယ်ကိုအရေးကြီးပါတယ်။”

ဂါဇာကမ်းမြောင် အကျပ်အတည်းကိုဖြေရှင်းရာမှာ ထရမ့်ရဲ့လုပ်ငန်းစဥ် စဥ်းစားထားချက်ကတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ သူသမ္မတတာဝန်ယူတုန်းကတော့ လူတွေ အပြင်းအထန်ဝေဖန်ခံရတဲ့ မွတ်ဆလင်ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် “တားမြစ်ချက်” လုပ်ခဲ့ဖူးပါတယ်။ ထရမ့်ရဲ့မဲဆွယ်စည်းရုံးရေးအဖွဲ့ကို ဂါဇာအရေးနဲ့ပတ်သက်ပြီး ဗွီအိုအေကအကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် မတုံ့ပြန်ခဲ့ပါဘူး။

မွတ်ဆလင်တက်ကြွလှုပ်ရှားသူတွေအတွက်ကတော့ ဒါဟာ ပြင်းထန်တဲ့ရွေးချယ်မှုတခုပါ။ ကနေဒါနိုင်ငံသား ဟာဆန် အဗ္ဗဒယ်လ် ဆာလာမ် (Hassan Abdel Salam) က အမေရိကန် မွတ်ဆလင်မဲဆန္ဒရှင်တွေရဲ့ “ဘိုင်ဒန်ကို စွန့်ခွာကြ Abandon Biden” လှုပ်ရှားမှုကိုပူးတွဲတည်ထောင်သူဖြစ်ပြီး မင်နီဆိုတာပြည်နယ်မှာ အခြေစိုက်ပါတယ်။

"မစ္စတာထရမ့်က ကျနော်တို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိသားစုတွေကို အမေရိကန် ပြည်ဝင်ခွင့်မရအောင် တားမြစ်ခဲ့သူပါ။ ဒါပေမယ့် မစ္စတာဘိုင်ဒန်က သူတို့ကို သတ်ခဲ့သူပါ။ ရီပတ်ဘလစ်ကန်ပါတီ လက်အောက်မှာ လေးနှစ်တာနေရတာက ဂါဇာမှာခံစားရတဲ့တနေ့တာနဲ့ယှဉ်လို့မရပါဘူး။ ဒါကို အနစ်နာခံပေးဆပ်ရမယ် ဆိုတဲ့ အငြင်းအခုံ ပြောဆိုဆွေးနွေးတာတွေ ကျနော်တို့ အသိုင်းအဝန်းကြားမှာ ပေါ်ပေါက်လာနေပါတယ်။”

ဒါကအမေရိကန်မဲဆန္ဒရှင်တွေအတွက် ဒီမှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြဖို့ရာ လက်နက် ကိရိယာနှစ်ခုကို တပ်ဆင်ပေးလိုက်ပါတယ်။

ဒါကတော့ … သူတို့ရဲ့အသံနဲ့… လာမယ့်နိုဝင်ဘာလမှာ ထုတ်ဖော်ပြသကြမယ့် သူတို့ရဲ့ ဆန္ဒ.. မဲပြားတွေပဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG