အမေရိကန်ပြည်ထောင်စု အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းမသွားဘဲ ဆက်လက်လည်ပတ်နိုင်အောင် အစိုးရယာယီအသုံးစရိတ် ဥပဒေကြမ်းကို ထောက်ခံမဲပေးမယ်လို့ အထက်လွှတ်တော် ဒီမိုကရက် ခေါင်းဆောင် Chuck Schumer ကပြောပါတယ်။
ပြည်ထောင်စုအစိုးရအတွက် အသုံးစရိတ်ဟာ ဒီနေ့ သောကြာနေ့အထိပဲကျန်တော့တာမို့ ယာယီ အသုံးစရိတ်နဲ့ ဆက်လက်လည်ပတ်နိုင်ရေးအတွက် ဒီနေ့ မကုန်ခင် အသုံးစရိတ်မူကြမ်းကို လွှတ်တော် က အတည်ပြုရမှာ ဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်အမတ်အများထောက်ခံတဲ့ ဥပဒေကြမ်းကို အောက်လွှတ်တော်မှာ အတည်ပြုထားပြီး အထက်လွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်ကြမှာြဖစ်ပါတယ်။ ဒီလိုအခြေအနေမှာ အထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် Chuck Schumer က အစိုးရ လုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ အရေးကြီးကြောင်းနဲ့ ဒီမိုကရက်အမတ်တွေအနေနဲ့ တခြားရွေးစရာလမ်း မရှိကြောင်း ပြောဆိုခဲ့ပါတယ်။
ရီပတ်ပလစ်ကန်တွေ အဆိုပြုတဲ့ ဥပဒေကြမ်းဟာ မကောင်းပေမဲ့ အစိုးရလုပ်ငန်းတွေ ရပ်တန့်သွားရင် အမေရိကန်ပြည်သူတွေကြုံရမယ့် အကျိုးဆက်တွေက ပိုဆိုးလိမ့်မယ်လို့ သူကပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီမိုကရက်အမတ်တချို့ကတော့ ဒီဥပေဒကြမ်းကို ထောက်ခံမဲ မပေးနိုင်ဘူးလို့ ပြောကြားခဲ့ကြပါတယ်။
ပြည်ထောင်စုအစိုးရလုပ်ငန်းတွေ စက်တင်ဘာလအထိ ဆက်လက် လည်ပတ်နိုင်ရေး မူကြမ်းကို အထက်လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ ထောက်ခံမဲ (၆၀) ထက်မနည်းရဖို့ လိုပါတယ်။ ဒါကြောင့် ဒီမိုကရက်အထက်လွှတ်တော်အမတ် အနည်းဆုံး (၈) ယောက်ရဲ့ ထောက်ခံမဲ လိုအပ်ပါတယ်။
Forum