သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုနီရုပ်ရှင်ကုမ္ပဏီထိုးဖောက်မှုနဲ့ မြောက်ကိုရီးယားဟက်ကာကို ကန် တရားစွဲ


မြောက်ကိုရီးယား ကွန်ပြူတာ ဟက်ကာတဦး ဖြစ်တဲ့ Park Jin Hyok ကို ရာဇဝတ်ပြစ်မှုနဲ့ စွဲချက်တင်လိုက်ကြောင်း အမေရိကန် အစိုးရရှေ့နေတွေက ကြာသပတေးနေ့မှာပဲ ကြေညာလိုက်ပါတယ်။ သူဟာ ၂၀၁၄ ဆိုနီရုပ်ရှင်ကုမ္ပဏီရဲ့ ကွန်ပြူတာတွေထဲ ဖေါက်ထွင်းမှုနဲ့ ၂၀၁၆ ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်က အချက်အလက်တွေ ခိုးယူမှု အပါအဝင် မကြာခင် နှစ်တွေအတွင်း ဆိုးဝါးတဲ့ ဆိုင်ဘာတိုက်ခိုက်မှု အများအပြား လုပ်ဆောင်ရာမှာ ပါဝင်ပတ်သက်နေတယ်လို့ လည်း အစိုးရရှေ့နေတွေက ပြောပါတယ်။

Park Jin Hyok ဟာ ကွန်ပြူတာ ပရိုဂရမ်မာ တဦးဖြစ်ပြီး မြောက်ကိုရီးယား အစိုးရက အထောက်အပံ့ပေးထားတဲ့ "Lazarus Group" လို့ လူသိများတဲ့ ဟက်ကာအဖွဲ့က အဖွဲ့ဝင်လည်း ဖြစ်ကြောင်း အစိုးရရှေ့နေတွေက ပြောပါတယ်။ ဒီအဖွဲ့ဟာ ကမ္ဘာတလွှားက ဘဏ်နဲ့ တခြားဌာန အဖွဲ့အစည်းတွေကို ဆိုင်ဘာတိုက်ခိုက်မှု အကြိမ်ကြိမ် လုပ်ခဲ့တယ်လို့ စွပ်စွဲနေကြတာပါ။

Park ကို ဆိုနီရုပ်ရှင်ကုမ္ပဏီရဲ့ ဌာနချုပ်ရှိရာ Los Angeles က ပြည်ထောင်စုတရားရုံးမှာ ဇွန်လ ၈ ရက်နေ့က တရားစွဲဆိုခဲ့တာ ဖြစ်ပြီး ဒါဟာ အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ရဲ့ စင်္ကာပူက သမိုင်းဝင်ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင် ၄ ရက်အလိုမှာ ဖြစ်ပါတယ်။ သောင်မတင်ရေမကျ ဖြစ်နေတဲ့ နျူကလီယား လက်နက်ဖျက်သိမ်းရေး အတွက် မြောက်ကိုရီးယားအစိုးရနဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့ Trump အစိုးရအဖွဲ့က ကြိုးစားနေချိန်မှာပဲ အခုလို တရားစွဲဆိုမှုပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

တယ်လီဖုန်းဒါမှမဟုတ် IT နည်းပညာဆိုင်ရာနဲ့ ငွေလွှဲရာမှာ လိမ်လည်မှု ကနေ ကွန်ပြူတာအွန်လိုင်းဆိုင်ရာ မသမာမှုတွေ ကျူးလွန်မှုတွေနဲ့ သူ့ကို အလိုရှိနေတာ ဖြစ်ပါတယ်။ Park နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရှိရင် ပေးကြဖို့ ဖေါ်ပြထားတဲ့ သူ့ကို အလိုရှိကြောင်း ကြေညာကို FBI ပြည်ထောင်စုထောက်လှန်းရေး ဗျူရိုက ထုတ်ပြန်ထားပါတယ်။

အမေရိကန် ဘဏ္ဍာရေးဌာနကလည်း Park နဲ့ သူ့ကို အလုပ်ပေးထားတဲ့ မြောက်ကိုရီးယားအစိုးရရဲ့ ကုမ္ပဏီတခုဖြစ်တဲ့ Chosun Expo Joint Venture အပေါ် ဒဏ်ခတ်အရေးယူမှုတွေ ချထားကြောင်း စက်တင်ဘာ ၆ ရက် ကြာသပတေးနေ့မှာပဲ ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG