သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ တရုတ်သံရုံးတို့ အပြန်အလှန် ရေးသားချက်တွေအပေါ် သုံးသပ်ချက်


(Zawgyi / Unicode)

တရုတ်နိုင်ငံဟာ မြန်မာနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အချုပ်အခြာကို မလေးမစား လုပ်နေတယ်ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ရေးသားချက်အပေါ် တရုတ်သံရုံးက ပြင်းထန်စွာ တုံ့ပြန်လိုက်ပြီးနောက် ဒေသတွင်း ဖြစ်လာနိုင်မယ့် အကျိုးဆက်တွေ သုံးသပ်ဖို့ ဗွီအိုအေ မြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာနဲ့ ကိုဉာဏ်ဝင်းအောင်က မေးမြန်းထားပါတယ်။

ကိုဉာဏ်ဝင်းအောင် - ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံး ယာယီတာဝန်ခံ George Sibley ကနေပြီး တရုတ်နိုင်ငံကို ဝေဖန်တဲ့ဆောင်းပါး ရေးလိုက်ပြီးနောက်မှာ တရုတ်ဘက်ကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်လာတဲ့ သဘောများလားခင်ဗျ။

ဦးကျော်ဇံသာ - “ဟုတ်ပါတယ်၊ တကယ်တော့ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံကြားထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ သူတို့ တဖက်ကိုတဖက် အပြစ်ပြောနေကြတာ ကြာပါပြီ။ အခုကျမှ စာတတန်ပေတတန်နဲ့ လူသိရှင်ကြား ထုတ်ပြောလာတယ်ဆိုတော့ တော်တော်လေး တင်းတင်းမာမာ ဖြစ်လာတယ်လို့ ပြောရမှာဖြစ်ပါတယ်။”

ကိုဉာဏ်ဝင်းအောင် - အဲဒီတော့ နှစ်ဖက်ရေးသားကြတဲ့ အချက်အလက်တွေ အပေါ်မှာ ဦးကျော်ဇံသာ ဘယ်လိုသုံးသပ်ပါသလဲ။

ဦးကျော်ဇံသာ - “အမေရိကန်ဘက်က ရေးတာကို ပထမကြည့်မယ်ဆိုရင် အဓိကကတော့ ဟောင်ကောင်ကိစ္စမှာ တရုတ်ဟာ ကမ္ဘာကို ပေးထားတဲ့ကတိကို မတည်ဘူး ဘာညာ စရေးပါတယ်။ နောက် တောင်တရုတ်ပင်လယ် ကိစ္စမှာလည်းပဲ နိုင်ငံတကာဥပဒေကို တရုတ်က ချိုးဖောက်တယ်။ ဒေသတွင်းနိုင်ငံတွေရဲ့ အချုပ်အခြာ အာဏာကို စော်ကားတယ် ဆိုပြီးတော့ ရေးပါတယ်။ ဒီကိစ္စတွေဟာ မြန်မာနိုင်ငံနဲ့ တိုက်ရိုက်မပတ်သက်သော်လည်းပဲ မြန်မာနိုင်ငံတွင်းမှာ တရုတ်တွေ စီးပွားရေးလုပ်နေတဲ့ကိစ္စကို ထောက်ပြပါတယ်။ တရုတ်တွေဟာ စည်းမဲ့ကမ်းမဲ့လုပ်တယ်၊ တရားဥပဒေနဲ့ မညီညွတ်ဘူး၊ နောက်ပြီး မြန်မာနိုင်ငံကို ကြွေးလည်ပင်းနစ်အောင် လုပ်ထားတာဖြစ်တယ်။ ဒါတွေဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို တစစီ တစစီ ဖဲ့ယူနေခြင်းဖြစ်တယ် ဆိုပြီးတော့ အမေရိကန်ရဲ့စာထဲမှာ ရေးပါတယ်။ အဲဒါအပြင် တရုတ်ကြောင့် မြန်မာနိုင်ငံအတွင်းမှာ မူးယစ်ဆေးဝါးပြဿနာ၊ လူကုန်ကူးမှုပြဿနာ၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု ပြဿနာတွေ အများကြီးဖြစ်လာတယ် ဆိုပြီးတော့ ရေးပါတယ်။ ဒါဟာ အမေရိကန်ဘက်ကရေးတဲ့ အဓိကစာ ဖြစ်ပါတယ်ခင်ဗျာ။”

ကိုဉာဏ်ဝင်းအောင် - အဲဒီတော့ တရုတ်နိုင်ငံဘက်ကရော ဘယ်လိုမျိုးတုံ့ပြန်တာ တွေ့ရပါသလဲ။

ဦးကျော်ဇံသာ - “တရုတ်ရဲ့ တုံ့ပြန်ချက်ကတော့ အတော်လေး ပြင်းထန်တယ်လို့ ပြောရပါလိမ့်မယ်။ အသုံးနှုန်းတွေကိုကြည့်ရင် တော်တော်လေး ခံပြင်း ဒေါသထွက်နေပုံ ရပါတယ်။ ဥပမာ သူတို့ ဗမာလိုရေးထားတဲ့ အသုံးနှုန်းတွေကို ကြည့်မယ်ဆိုရင် အမေရိကန်က ဒီလိုစာရေးတာဟာ တကိုယ်ကောင်းဆန်သော၊ ဟန်ဆောင်ကောင်းသော၊ အောက်တန်းကျသော အကျည်းတန် မျက်နှာဖုံးကို ခွာချလိုက်တာဖြစ်တယ် ဆိုပြီး အဲဒီလို စကားလုံးမျိုးနဲ့ စပြီးရေးထားတာ တွေ့ရပါတယ်။ ဒါဟာ ဘာကြောင့်လုပ်သလဲဆိုရင်တဲ့ အမေရိကန်ဟာ သူ့ပြည်တွင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေ ဥပမာ COVID-19 ကိစ္စကို သူတို့ မကိုင်တွယ် မဖြေရှင်းနိုင်ဘူး၊ နောက်တခါ လူမှုရေး တရားမျှတမှုမရှိတဲ့ ပြဿနာတွေကလည်း အများကြီးဖြစ်နေတယ်။ ဒီကိစ္စတွေကို ကာကွယ်ဖုံးဖိချင်တဲ့ အတွက်ကြောင့် နိုင်ငံတကာမှာ ထွက်ပေါက်ရှာတာ ဖြစ်တယ်။ အဲဒါကြောင့် တရုတ်ကို အပြစ်တင်တာ ဖြစ်တယ်ဆိုပြီး တရုတ်က ရေးထားပါတယ်။

“တခါ ဟောင်ကောင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဟောင်ကောင်ဟာ တရုတ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ သူတို့ ခုခံ ချေပပါတယ်။ တောင်တရုတ်ပင်လယ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ အမေရိကန်က ဝင်ပြောရလောက်အောင်တဲ့ အမေရိကန်သည် ဒီ တောင်တရုတ်ပင်လယ်နဲ့ ဖြစ်နေတဲ့ ကုလသမဂ္ဂရဲ့ ပင်လယ်ပြင်ဆိုင်ရာ ပဋိဉာဉ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတောင်မှ မဟုတ်ဘူးဆိုတဲ့ သဘောမျိုးနဲ့ တုံ့ပြန်ပါတယ်ခင်ဗျ။

“တရုတ်သည်သာလျှင် မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို နေရာတကာမှာ အကာကွယ်ပေးနေတာ ဖြစ်တဲ့အကြောင်း၊ ကုလသမဂ္ဂမှာလည်း ကာကွယ်ပေးတယ်၊ အမေရိကန်ကတော့ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အကူအညီပေးရမယ့် ကိစ္စတွေကိုတောင်မှ ဖျက်လိုဖျက်ဆီး ဟန့်တားနေတာဖြစ်တယ် ဆိုပြီးတော့ တရုတ်ဘက်က ပြန်ရေးပါတယ်။”

ကိုဉာဏ်ဝင်းအောင် - အခုလိုမျိုးပေါ့လေ တရုတ်နဲ့ အမေရိကန်ကြားမှာ ပြင်းပြင်းထန်ထန်တွေ ဖြစ်လာတဲ့အခါကျတော့ ဒါက အရင် ဆိုဗီယက်-ရုရှားနဲ့ အမေရိကန်ကြား ဖြစ်ခဲ့တဲ့ စစ်အေးသဘောမျိုး၊ တရုတ်နဲ့ အမေရိကန်ကြားမှာ ခေတ်သစ် စစ်အေးပုံစံမျိုး ဖြစ်လာနိုင်တဲ့ သဘောလားခင်ဗျ။

ဦးကျော်ဇံသာ - “ဟုတ်ကဲ့၊ တချို့က အဲဒါမျိုး ဆက်စပ်ပြီး တွေးကြတာ ရှိပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုကြားမှာ ဖြစ်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း စတင်ခဲ့တဲ့ စစ်အေး ဆိုတာကတော့ Ideology သဘောတရားပေ့ါ။ ကွန်မြူနစ်ဝါဒနဲ့ ဒီမိုကရေစီဝါဒကြား တိုက်ပွဲလည်း ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ Geo-politics ပထဝီဝင် နိုင်ငံရေးအရ ဆိုဗီယက်ပြည်ထောင်စုဟာ သူတို့နဲ့အိမ်နီးချင်း အရှေ့ဥရောပတခုလုံးကို သိမ်းပိုက်လိုက်တယ်။ ပြီးတော့ သူတို့ရဲ့ လက်အောက်ခံ အစိုးရတွေ တည်ထောင်တယ်ပေါ့၊ သြဇာခံအစိုးရတွေ။ Iron Curtain ဆိုပြီးတော့ အနောက်ဥရောပနဲ့ သူတို့ကြားမှာ စည်းခြားလိုက်တယ်။ ဒါကတော့ စစ်အေးကာလမှာ ဖြစ်ခဲ့တာပေါ့။

“အခု တရုတ်နဲ့ အမေရိကန်ကျတော့ အဲလိုသဘောထားမျိုး မတွေ့ရပါဘူး။ သူတို့ အဓိကပြိုင်ချင်တာကတော့ နိုင်ငံရေးသြဇာလွှမ်းမိုးမှု ပါသော်လည်းပဲ စီးပွားရေးအားဖြင့် အမြတ်အစွန်းလိုချင်ကြတာ၊ အပေါ်စီးရချင်ကြတာ ပိုပြီးတော့ ပါတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဟိုတုန်းက စစ်အေးကာလမှာ တဖက်နဲ့တဖက် ထိတွေ့ဆက်ဆံမှု လုံးဝမရှိပါဘူး။ စစ်ပွဲလေးတွေကို ဟိုဘက်ဒီဘက် ဝင်မြှောက်ပေးပြီးတော့ တိုက်ခိုင်းခဲ့တာမျိုး တွေ့ရပါတယ်။ အခုတော့ အဲဒီလို သဘောထားမျိုးထက် ဒါ နှစ်ဖက် ဆွေးနွေးညှိနှိုင်းမှု ထိတွေ့ဆက်ဆံမှုတွေလည်း ရှိနေကြတော့ စစ်အေးနဲ့တော့ ကွာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ တချို့က ဒါကို War of Words စကားလုံးတိုက်ပွဲသာ ဖြစ်တယ်၊ တချို့ကဆိုရင်လည်းပဲ ဒါကို Scold War အပြန်လှန် ဆဲဆိုပြစ်တင်နေတဲ့ စစ်ပွဲဆိုပြီး သုံးကြတာ တွေ့ရပါတယ်။”

ကိုဉာဏ်ဝင်းအောင် - ဒီလိုမျိုး အင်အားကြီးနိုင်ငံကြီး နှစ်ခုကြားမှာ အပြန်လှန် တင်းမာမှုတွေ ဖြစ်လာတဲ့အခါကျတော့ ဒီကိစ္စက မြန်မာနိုင်ငံအပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှု ဖြစ်လာမှာပါလဲ ခင်ဗျ။

ဦးကျော်ဇံသာ - မြန်မာနိုင်ငံအတွက်ကတော့ သိပ်အရေးကြီးတဲ့ အခြေအနေ ဖြစ်ပါတယ်။ သတိထားရမယ့်ကိစ္စပါ။ ဘာကြောင့်လဲဆိုတော့ အဓိကတခုက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရွေးကောက်ပွဲတွေ လုပ်လာကတည်းက တရုတ်က သူတို့ရဲ့ အိမ်နီးချင်းဒေသမှာ ဒီမိုကရေစီနိုင်ငံတခု ထွန်းကားလာမှာကို မလိုလားတဲ့သဘော တွေ့ရပါတယ်။ အဲဒါကို သူတို့ အမှန်တကယ် စိုးရိမ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်းပဲ သူတို့က မြန်မာနိုင်ငံကို အလုံးအရင်းနဲ့ စီးပွားရေးအားဖြင့်ရော အကုန်လုံး သူတို့ဘက်ကို သွတ်သွင်းဖို့ ကြိုးစားလာတယ်။ တချိန်တည်းမှာပဲ အမေရိကန်က ဒီ ဒီမိုကရေစီအဟလေး ရှိနေတဲ့နေရာမှာ ငါတို့ ဘယ်လိုဝင်ပြီးတော့ လုပ်နိုင်မလဲ ဆိုတာကို ကြိုးစားဟန် တူပါတယ်။ ဆိုတော့ ဒီနှစ်ခုကြားမှာ မြန်မာနိုင်ငံဟာ အတိမ်းအစောင်း မခံဘဲနဲ့ အထူးသတိထားပြီး ခြေလှမ်း လှမ်းရမှာ ဖြစ်ပါတယ်။ တကယ်တမ်း ဒီမိုကရေစီရေးကို ဆက်လက်ပြီး အကောင်ထည်ဖော်မယ်ဆိုရင် ပိုပြီးတော့ သတိထားရမှာ ဖြစ်ပါတယ်။ ဒီကိစ္စမှာ တရုတ်ကလည်း ကျေနပ်အောင် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဆိုတာမျိုး လုပ်ရမယ့်သဘောမျိုး ဖြစ်ပါတယ်။”

တိုက်ရိုက် လင့်ခ်

----------------------------------

(Unicode)
















XS
SM
MD
LG