သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေးအခြေအနေ ကန်လွှတ်တော်ကြားနာ


မြန်မာ့အရေး အောက်လွှတ်တော်ကြားနာပွဲမှ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Melissa A.Brown (စက်တင်ဘာ ၁၃၊ ၂၀၂၃/Youtube Screenshot)
မြန်မာ့အရေး အောက်လွှတ်တော်ကြားနာပွဲမှ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Melissa A.Brown (စက်တင်ဘာ ၁၃၊ ၂၀၂၃/Youtube Screenshot)

မြန်မာနိုင်ငံတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ အမေရိကန် အောက် လွှတ်တော်ကော်မတီကြားနာပွဲတရပ် စက်တင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်ပါတယ်။

မြန်မာစစ်ကောင်စီကို စီးပွားရေးနဲ့နိုင်ငံရေးအရ ပိုပြီး ဖိအားပေးအကြပ်ကိုင်ဖို့နဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ လွှတ်တော်ကအတည်ပြုထားတဲ့ Burma Act ပါ ရည်ညွှန်းဖော်ပြချက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ကြားနာမှုကိုတက်ရောက်ခဲ့သူတွေက တင်ပြခဲ့ကြပါတယ်။ လက်ရှိအရေးယူဒဏ်ခတ်မှုတွေအပြင် မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE ကိုပါ အရေးယူဒဏ်ခတ်ဖို့ ကြားနာမှုတက်ရောက်လာတဲ့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုခဲ့ပါတယ်။

အောက်လွှတ်တော်ကော်မတီတရပ်ဖြစ်တဲ့ Tom Lantos လူ့အခွင့်အရေးကော်မရှင်ကလုပ်တဲ့ အဲဒီကြားနာမှုကို အမေရိကန်အစိုးရပိုင်းတာဝန်ရှိသူတွေလည်း တက်ရောက်ပြီး မြန်မာစစ်ကောင်စီအပေါ် အမေရိကန်အစိုးရရဲ့ လက်ရှိအရေးယူကိုင်တွယ်မှုတွေကို လွှတ်တော်အမတ်တွေကို ရှင်းပြခဲ့ကြပါတယ်။ မြန်မာစစ်ကောင်စီကို နိုင်ငံရေးနဲ့ စီးပွားရေးအရ အရေးယူဒဏ်ခတ်ဖိအားပေးမှုတွေလုပ်နေသလို တဖက်မှာလည်း အာဆီယံနဲ့ကုလသမဂ္ဂတို့မှာ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးတွဲပြီး မြန်မာစစ်ကောင်စီကို အကြပ်ကိုင်ဖိအားပေးမှုတွေ လုပ်ဆောင်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Melissa A.Brown က ရှင်းပြခဲ့ပါတယ်။

တချိန်တည်းမှာ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ စစ်ရာဇတ်မှုတွေနဲ့ပတ်သက်လို့ နိုင်ငံတကာတရားစီရင်ရေးဖြစ်လာဖို့ ကြိုးစားနေတာတွေကိုလည်း အမေရိကန်နိုင်ငံခြားရေးဌာန တရားမျှတမှုရှာဖွေရေးဆိုင်ရာ သံအမတ်ကြီးက ရှင်းလင်းပြောဆိုပါတယ်။

မြန်မာစစ်ကောင်စီရဲ့ ဝင်ငွေအရင်းအမြစ်တွေ၊ လက်နက်နဲ့ လေယာဉ်ဆီတွေ ဖြတ်တောက်နိုင်ရေးအတွက် ကုလ အထူးကိုယ်စားလှယ် Tom Andrews က အမေရိကန်လွှတ်တော်အမတ်တွေကို တိုက်တွန်းခဲ့သလို တက်ရောက်လာတဲ့ အစိုးရပိုင်းတာဝန်ရှိသူတွေကလည်း ဒီအတွက် ဆောင်ရွက်နေတာတွေ ရှင်းလင်းပါတယ်။ စစ်တပ်အာဏာသိမ်းမှု အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ CDM အာဏာဖီဆန်ရေးလုပ်ခဲ့တဲ့ မြန်မာဆရာဝန်‌ဒေါက်တာအေးချမ်းမွန်နဲ့ ရိုဟင်ဂျာအရေးတတက်ကြွလှုပ်ရှားသူ Lucky Karim တို့ကလည်း မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေ မျက်မြင်ကြုံတွေ့ရမှုတွေကို အမေရိကန်လွှတ်တော်ကို ကြားနာထွက်ဆိုခဲ့ကြပါတယ်။

မြန်မာလူ့အခွင့်အရေးအခြေအနေ ကန်လွှတ်တော်ကြားနာ
please wait

No media source currently available

0:00 0:04:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG