သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ COVID-19 ကူးစက်မှု ထိန်းမရဖြစ်မယ့် အခြေအနေ ကျွမ်းကျင်သူ သတိပေး


Dr. Anthony Fauci
Dr. Anthony Fauci

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်သူ့ဆီကနေ ဘယ်လို အဆင့်ဆင့် ကူးစက်ပျံ့နှံ့တယ်ဆိုတာ သေချာ ရှာဖွေစုံစမ်းမှုတွေ မလုပ်ဘူးဆိုရင် တချို့ပြည်နယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆေးရုံတင်ရတာတွေ မြင့်တက်လာနေတာကနေ အခြေအနေ ထိန်းမရအောင် ဖြစ်သွားမယ်လို့ အမေရိကန် ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတဦးက သတိပေးသွားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးလုပ်ငန်း လည်ပတ်မှု ကန့်သတ်ထားတာတွေ ဖယ်ရှားပေးလိုက်တဲ့ အချိန်မှာ ကူးစက်ရောဂါဆိုင်ရာ ဌာနရဲ့ ညွှန်ကြားရေးမှူး Dr. Anthony Fauci က CNN သတင်းဌာနနဲ့ မေးမြန်းခန်းမှာ အဲဒီလို သတိပေးသွားတာပါ။

ဆေးရုံရောက်တဲ့လူတွေ ပိုများလာတာ တွေ့ရတယ်ဆိုရင် ဒါက ကိုယ်ဦးတည်ရာလမ်းကြောင်း မှားနေပြီဆိုတာ သေချာပြီပဲလို့ Dr. Fauci က ပြောပါတယ်။

အမေရိကန် ပြည်နယ်အသီးသီးမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်လိုက်တာကို အရှိန်လျှော့ဖို့ လိုမယ်ဆိုတဲ့ လက္ခဏာ ဖြစ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုမှာ ရောဂါကူးစက်မှု လျော့ကျလာတာကြောင့် တချို့ပြည်နယ်တွေမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်လှစ်ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီပြည်နယ်တွေမှာ ရောဂါကူးစက်မှု ပြန်များလာလို့ လုပ်ငန်းတွေ ပြန်ပိတ်ရမယ့် အနေအထား ရှိပါတယ်။

Utah နဲ့ Oregon ပြည်နယ်တွေမှာဆိုရင် စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်လှစ်တာကို ရပ်ထားလိုက်ပြီ ဖြစ်ပါတယ်။

COVID နဲ့ ဆေးရုံရောက်တာ ပြည်နယ်ရဲ့ အမြင့်ဆုံးအခြေအနေကို ရောက်သွားတဲ့ Texas အပါအဝင် တချို့ပြည်နယ်တွေကတော့ လုပ်ငန်းတွေဖွင့်တာ ရှေ့ဆက်လုပ်နေပါတယ်။

ပြည်နယ်အစိုးရတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်ရှိတဲ့ အခြေအနေနဲ့ လူတွေ အပြင်ထွက် အလုပ်မလုပ်ကြရလို့ စီးပွားရေးထိခိုက်ရတဲ့ အခြေအနေကို ချိန်ဆတွက်ချက်ပြီး သူတို့ပြည်နယ်တွေ ပြန်ဖွင့်သင့်မသင့် စဉ်းစား လုပ်ဆောင်ကြတာပါ။

အမေရိကန်ပြည်ထောင်စုမှာ အခုချိန်ထိဆိုရင် COVID-19 ရောဂါနဲ့ သေဆုံးသူ ၁၁၄,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)











XS
SM
MD
LG