သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Shangri-La လုံခြုံရေးဆွေးနွေးပွဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး မိန့်ခွန်း

US Secretary of Defense Lloyd Austin speaks at the 20th International Institute for Strategic Studies Shangri-La Dialogue, Asia's annual defense and security forum, in Singapore, June 3, 2023.
US Secretary of Defense Lloyd Austin speaks at the 20th International Institute for Strategic Studies Shangri-La Dialogue, Asia's annual defense and security forum, in Singapore, June 3, 2023.

လွတ်လပ် ပွင့်လင်းတဲ့ အင်ဒို ပစိဖိတ်ဒေသ ဖြစ်ရမယ်ဆိုတဲ့ အနာဂါတ်အမြင်နဲ့ ဒေသတွင်းမှာ ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံတွေ ပိုများလာတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကပြောကြားလိုက်ပါတယ်။ စင်္ကာပူမှာကျင်းပနေတဲ့ အာရှဒေသဆိုင်ရာ အကြီးကျယ်ဆုံး လုံခြုံရေးဆွေးနွေးပွဲကြီးဖြစ်တဲ့ Shangri-La Dialogue ဆွေးနွေးပွဲကြီးမှာ အင်ဒို ပိစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ ဦးဆောင်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ ကာကွယ်ရေးဝန်ကြီး Austin ကမိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ရန်စ ကျူးကျော်မှုတွေကို တားဆီးဖို့၊ သာယာဝပြောစေဖို့နဲ့ ပဋိပက္ခတွေကို ကာကွယ်နိုင်မယ့် နိုင်ငံတကာစည်းမျဉ်း စည်းကမ်းတွေ ပိုမိုခိုင်မာအောင် လုပ်ရမယ်ဆိုတဲ့ ဘုံရည်မှန်းချက်တွေ ရှိထားကြတဲ့အတိုင်း အရှေ့တရုတ်ပင်လယ်ကနေ တောင်တရုတ်ပင်လယ်၊ အိန္ဒိယသမုဒ္ဒရာအထိ အမေရိကန်ရဲ့ မိတ်ဆွေနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အစီအစဉ်တွေ၊ လေ့ကျင့်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေတယ်” လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Austin က ပြောကြားသွားပါတယ်။

တရုတ်ရဲ့ စီးပွားရေး စစ်ရေး ချဲ့ထွင်မှု၊ ရုရှားရဲ့ စစ်ရေးအရ ဝင်ရောက် ကျူးကျော်မှုတွေလို ပထဝီနိုင်ငံရေးမှာ တင်းမာမှုတွေ တိုးနေချိန်မှာ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး တတ်သိပညာရှင်များ အဖွဲ့ IISS စီစဉ်တဲ့ Shangri-La Dialogue နှစ်ပတ်လည် ဆွေးနွေးပွဲကြီးကို ကျင်းပနေတာဖြစ်ပါတယ်။ အင်ဒို ပိစိဖိတ်ဒေသမှာ သြဇာညောင်းနိုင်ဖို့ အမေရိကန်ရော တရုတ်ကပါ ကြိုးစားနေကြတာပါ။

ဒီဆွေးနွေးပွဲကြီးအတွင်း တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu နဲ့ တွေ့ဆုံဖို့ အမေရိကန်ဘက်က ကမ်းလှမ်းတာကို တရုတ်က ငြင်းဆန်ခဲ့တာနဲ့ ပတ်သက်လို့လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပဋိပက္ခတွေကို ရှောင်ရှားနိုင်ဖို့ ဆွေးနွေးမှုတွေ လိုအပ်တယ်လို့ သတိပေးပြီး စစ်ရေးဆိုင်ရာ ပြဿနာတွေ ကိုယ်တွယ် ဖြေရှင်းနိုင်အောင် ထိတွေ့ဆက်ဆံဖို့ တရုတ်ဘက်က မလိုလားတဲ့အပေါ် အင်မတန် စိုးရိမ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အခုလို ဝန်ကြီး Austin မိန့်ခွန်းထဲမှာ ပြောကြားခဲ့တာကို တရုတ်စစ်တပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ တရုတ် အမေရိကန် စစ်ဘက်ဆက်ဆံရေး တိုးတက်ဖို့ အရေးကြီးတယ်ဆိုတာ တရုတ်ဘက်က အလေးထားကြောင်း လက်ရှိမှာ နှစ်ဘက်စစ်တပ်ကြား ခက်ခဲတဲ့ အခြေအနေတွေ ကြုံနေပြီး အမေရိကန်ဘက်မှာ လုံးဝ တာဝန်ရှိတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး Jing Jianfeng က စင်္ကာပူမှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ တုံ့ပြန် ပြောကြားသွားပါတယ်။

သောကြာနေ့ကတော့ အမေရိကန်ဝန်ကြီး Lloyd Austin နဲ့ တရုတ်ဝန်ကြီး Li Shangfu တို့ ဆွေးနွေးပွဲတခုမှာ လက်ဆွဲ နုတ်ဆက်ခဲ့ကြပါတယ်။ နှစ်ယောက်ကြား ထဲထဲဝင်ဝင် ဆွေးနွေးတာတော့ မရှိဘူးလို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။ တရုတ်က ပိုင်ဆိုင်တယ်လို့ ပြောနေတဲ့ ထိုင်ဝမ်ကျွန်းကိစ္စနဲ့ တောင်တရုတ်ပင်လယ် ရေပြင်နယ်နိမိတ် ကိစ္စတွေကြောင့် အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေးဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး အခြေအနေကို ရောက်နေတာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG