သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတကတော် Jill Biden ယူကရိန်းကို မကြေညာဘဲ သွားရောက်


ယူကရိန်းသမ္မတကတော် Olena Zelenska နဲ့ တွေ့ဆုံနေတဲ့ အမေရိကန်သမ္မတကတော် Jill Biden. (မေ ၈၊ ၂၀၂၂)
ယူကရိန်းသမ္မတကတော် Olena Zelenska နဲ့ တွေ့ဆုံနေတဲ့ အမေရိကန်သမ္မတကတော် Jill Biden. (မေ ၈၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် ပြည်ပကို ထွက်ပြေးရတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို ဆန်းစစ်ဖို့ ဥရောပကိုလာရောက်တဲ့ ၄ ရက်ကြာခရီးစဉ် တတိယနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ အမေရိကန်သမ္မတကတော် Jill Biden ဟာ ကြိုတင်မကြေညာဘဲ ယူကရိန်းကို သွားရောက်ခဲ့ပြီး ယူကရိန်းသမ္မတကတော် Olena Zelenska နဲ့ တွေ့ဆုံခဲ့ပါတယ်။

“ဒီစစ်ပွဲဟာ ရက်စက်ကြမ်းကြုတ်ကြောင်းနဲ့ ဒီစစ်ပွဲရပ်ပစ်ဖို့ လိုအပ်သလို ယူကရိန်းပြည်သူတွေနဲ့အတူ အမေရိကန်တွေကလည်း ရပ်တည်ကြောင်း ပြသဖို့ သိပ်အရေးကြီးတယ်။” လို့ သမ္မတကတော် Jill Biden က ပြောသွားတာပါ။

တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ အမေများနေ့မှာ ယူကရိန်းပြည်သူတွေနဲ့ တသားတည်းရှိကြောင်း ပြသချင်တာကြောင့် အခုလို လာရောက်တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်သမ္မတကတော်ဟာ စလိုဗက်ကီးယားကနေ ယူကရိန်းနယ်စပ်ကို ဖြတ်ပြီး ယူကရိန်း အနောက်တောင်ပိုင်းမှာရှိတဲ့ Uzhhorod မြို့ကလေးက ဒုက္ခသည်စခန်း ဖွင့်ထားတဲ့ ကျောင်းကလေးမှာ ယူကရိန်းသမ္မတကတော် Olena နဲ့ တွေ့ဆုံပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် ၁၀ ပတ် ရုရှားက ယူကရိန်းကို စတင်ကျူးကျော် တိုက်ခိုက်ချိန်ကစပြီး ယူကရိန်းသမ္မတကတော်ဟာ ကလေး ၂ ယောက်နဲ့အတူ အန္တရာယ်ရှောင်ရှားဖို့ ပုန်းအောင်းနေရတာ ဖြစ်ပါတယ်။ အမြောက်သံ၊ ဗုံးသံ၊ အချက်ပေးဥသြဆွဲသံတွေကြားကနေ ရဲရဲဝင့်ဝင့် အခုလို လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ အထူးသဖြင့် အမေများနေ့မှာ လာတာကြောင့် စေတနာမေတ္တာကို ခံစားရကြောင်း ယူကရိန်းသမ္မတကတော်က ပြောပါတယ်။

သမ္မတကတော် Jill Biden ရဲ့ ယူကရိန်းခရီးစဉ်ကို လုံခြုံရေးကြောင့် ကြိုတင်မကြေညာဘဲ ထားတာဖြစ်ပါတယ်။

အခုလို အန္တရာယ်ကြီးတဲ့ စစ်မြေပြင်ကို အမေရိကန်သမ္မတကတော်တွေ သွားရောက်အားပေးလေ့ ရှိပါတယ်။ ၂၀၀၅ နဲ့ ၂၀၀၈ တွေမှာ သမ္မတကတော် Laura Bush ဟာ အာဖဂန်နစ္စတန်ကို သွားခဲ့သလို ၂၀၁၅ မှာ Michelle Obama က ကာတာက အမေရိကန် စစ်အခြေစိုက်စခန်းကို သွားရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)









XS
SM
MD
LG