သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်သမ္မတ ၃ ရက်ကြာ ဝါရှင်တန် ခရီးစတင်


အမေရိကန်သမ္မတ Donald Trump လက်ထက်မှာ ပထမဆုံး နိုင်ငံတော် ဧည့်သည်အဖြစ် ပြင်သစ်သမ္မတ Emmanuel Macron ရောက်ရှိနေပါတယ်။ အခု အသံလွှင့်နေချိန်မှာတော့ ပြင်သစ်သမ္မတနဲ့ သမ္မတကတော်တို့ကို အမေရိကန်သမ္မတနဲ့ သမ္မတကတော်တို့က Mt. Vernon အိမ်တော်မှာ သီးသန့် ညစာနဲ့ တည်ခင်းဧည့်ခံနေပါတယ်။ ပြင်သစ်သမ္မတ Macron ရဲ့ ၃ ရက်ကြာ အမေရိကန်ခရီးစဉ်အတွင်း သမ္မတ Trump နဲ့ ဆွေးနွေးမှု အပါအဝင် အမေရိကန် လွှတ်တော်မှာ အင်္ဂလိပ်ဘာသာနဲ့ မိန့်ခွန်းပြောကြားမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။ မစုမြတ်မွန်က အပြည့်အစုံကို ဆက်ပြီးတင်ပြပါမယ်။

ပြီးခဲ့တဲ့နှစ် ပြင်သစ်အမျိုးသားနေ့ Bastille Day အခမ်းအနားကို နိုင်ငံတော် ဧည့်သည် အဖြစ် တက်ရောက်ခဲ့တဲ့ အမေရိကန်သမ္မတ Daonald Trump ရဲ့ဖိတ်ကြားချက်နဲ့ ပြင်သစ်သမ္မတ Emmanuel Macron ဟာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတော် ဧည့်သည်အဖြစ်နဲ့ တနင်္လာနေ့က ဝါရှင်တန်မြို့တော်ကို ရောက်လာခဲ့ပါတယ်။ သမ္မတ Trump လက်ထက်မှာ ပထမဆုံး နိုင်ငံတော် ဧည့်သည်အဖြစ်နဲ့ သမ္မတ Macron လာရောက်တာလည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ အရေးကြီးတဲ့ ခရီးစဉ်ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရောက်ချင်းမှာ ပြင်သစ်သမ္မတက ခုလိုပြောကြားခဲ့ပါတယ်။

" ဒီနိုင်ငံတော်ခရီးစဉ်ဟာ ကျွန်တော်တို့ပြည်သူတွေနဲ့ ကျွန်တော်တို့အတွက် အင်မတန် အရေးကြီးတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ သမ္မတ Trump နဲ့ ဒီညနေ Mount Vernon မှာရော မနက်ဖြန် အိမ်ဖြူတော်မှာပါ ဆွေးနွေးနိုင်ခွင့်ရမှာပါ။ ဒီခရီးစဉ်အတွင်း ၂ နိုင်ငံနဲ့ဆိုင်တဲ့ ကိစ္စတွေအပြင် နိုင်ငံတကာနဲ့ဆိုင်တဲ့ လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ တခြားအရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ကျရင်တော့ လွှတ်တော်မှာ ကျွန်တော်မိန့်ခွန်းပြောပါမယ်။"

ပြင်သစ်သမ္မတနဲ့ သမ္မတကတော် Brigitte Macron တို့ကို သမ္မတ Trump နဲ့ သမ္မတကတော် Melania Trump တို့က Virginia ပြည်နယ်ထဲမှာရှိတဲ့ သမ္မတဟောင်း George Washington ရဲ့ အိမ်ဖြစ်တဲ့ Mt. Vernon မှာ သီးသန့်ညစာနဲ့ တနင်္လာနေ့ညမှာ တည်ခင်းဧည့်ခံပါတယ်။

သမ္မတ Trump နဲ့ သမ္မတ Macron တု့ိတရားဝင် တွေ့ဆုံဆွေးနွေးမှုကတော့ အင်္ဂါနေ့ မနက်ပိုင်းကျမှ အိမ်ဖြူတော်မှာ လုပ်မှာဖြစ်ပါတယ်။ ခေါင်းဆောင် ၂ ယောက်ဆွေးနွေးကြတဲ့ အခါ အီရန် Nuclear သဘောတူညီမှု ကနေ အမေရိကန် နှုတ်ထွက်မသွားဖို့ ပြင်သစ်သမ္မတ Macron က သမ္မတ Trump ကို တိုက်တွန်းလိမ့်မယ်လို့ မျှော်လင့်ရပါမယ်။ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ ရုရှား တရုတ်နဲ့ အီရန်တို့ကြား ၂၀၁၅ ခုနှစ်ကလက်မှတ်ထိုးထားတဲ့ JCPOA သဘောစာချုပ်ဟာ ညံ့ဖျင်းတဲ့ စာချုပ်ဖြစ်တယ်လို့ ဆိုပြီးနှုတ်ထွက်မယ်လို့ သမ္မတ Trump က အမြဲပြောနေတာဖြစ်ပါတယ်။ အီရန် Nuclear အစီအစဉ်ကို ကန့်သတ်ထိန်းချုပ်မယ် ဆိုရင် အပြန်အလှန်အားဖြင့် အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေ ဖယ်ရှားပေးမယ်လို့ သဘောတူထားတဲ့ ဒီစာချုပ်ကို ပြင်သစ်နိုင်ငံက ဘာကြောင့်အလေးထားနေသလဲဆိုတာကို Hudson Institute က ပြင်သစ်ရေးရာ ကျွမ်းကျင်သူ Ben Haddad ကခုလို သုံးသပ်ပါတယ်။

" ဒီစာချုပ်မှာ အမေရိကန်တို့ မပါလာခင် တနှစ်လောက်ထဲက စာချုပ်ထဲမှာထည့်သွင်းမယ့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားရေးလို ကိစ္စတွေကို ပြင်သစ်အပါအဝင် ဗြိတိန်၊ ဂျာမနီတို့က အများကြီး အားထုတ် ညှိနှိုင်းခဲ့တာဖြစ်လို့ သူတို့အတွက် အရေးကြီးပါတယ်။ Fox သတင်းဌာနနဲ့ မေးမြန်းခန်းမှာ သမ္မတ Macron ပြောခဲ့သလိုပဲ သူတို့အတွက် ဒီစာချုပ်ကလွဲလို့ တခြားနည်းလမ်းမရှိဘူး။ ဒီစာချုပ်က အလုံးစုံကောင်းမွန်နေတာ မဟုတ်ပေမဲ့ ပိုကောင်းအောင် လုပ်နိုင်တဲ့နည်းလမ်းတွေ ရှိတယ်လို့ ပြောခဲ့ပါတယ်။ အထူးသဖြင့် အီရန်ရဲ့ ပဲ့ထိန်းဒုံး အစီအစဉ်အတွက် အရေးယူဆောင်ရွက်တာမျိုး၊ ဒေသတွင်း အီရန်ရဲ့သြဇာလွှမ်းမိုးမှုကို ထိန်းတာမျိုး ဒေသတွင်း အီရန်အားပေးနေတဲ့ အကြမ်းဖက် အဖွဲ့တွေ အပေါ် ဒဏ်ခတ်အရေးယူတာမျိုးတွေ လုပ်လို့ရပါတယ်။ စာချုပ်ထဲမှာ ပါပြီးသား အချက်တွေမှာ ချွင်းချက်တွေ ထပ်ဖြည့်တာမျိုးတွေ လုပ်လို့ရပါတယ်။ ဒီစာချုပ်ကို ကောင်းမွန်တဲ့အခြေခံ အုတ်မြစ်တခုအနေနဲ့ ပြင်သစ်တို့က မြင်ပါတယ်။ အီရန် Nuclear အစီအစဉ်နဲ့ ပါတ်သက်လို့ တခြားအစီအစဉ် မရှိဘူးလို့ သမ္မတ Macron ပြောခဲ့ပါတယ်။ ဒါကြောင့် ဒီစာချုပ်ကို ဖျက်မယ့်အစား အတူတွဲပြီး ပိုကောင်းအောင် လုပ်နိုင်ဖို့ သူ့ဖက်က မျှော်လင့်နေတာပါ။"

သမ္မတ Barack Obama လက်ထက်က လက်မှတ်ထိုးထားတဲ့ အီရန် သဘောတူ စာချုပ်ကနေ သူသမ္မတဖြစ်လာခဲ့ရင် နှုတ်ထွက်မယ်လို့ Donald Trump ကရွေးကောက်ပွဲ မဲဆွယ်စည်းရုံးထဲက ကတိပေးလာခဲ့တာဖြစ်ပါတယ်။ အီရန် သဘောတူစာချုပ်ထဲက ဟာကွက်တွေကို မေလ ၁၂ ရက်နောက်ဆုံးထားပြီး ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်တို့က မပြင်ဆင်နိုင်ဘူးဆိုရင် ဒီစာချုပ်ကနေ နှုတ်ထွက်မယ်လို့ သမ္မတ Trump က သတ်မှတ်ရက်ပေးထားပါတယ်။ ပြင်ဆင်နိုင်ဘို့ ဘယ်လောက်လွယ်ကူနိုင်မှာပါလဲ။

" ဒီသဘောတူညီမှုရဖို့ သိပ်ဆန္ဒစောလွန်းခဲ့ကြတယ်။ အီရန်ကို အလျှော့ပေးတာများ လွန်းတယ်။ ဟာကွက်တွေ အများကြီးရှိတယ်လို့ အမေရိကန်နဲ့ ဥရောပက ဝေဖန်သူတော်တော်များများ ပြောကြပါတယ်။ ဒါပေမဲ့ ဒီစာချုပ်မှာ သဘောတူ လက်မှတ်ထိုးပြီး သွားပြီးဆိုတော့ ပြန်ညှိနှိုင်းရအောင်လို့ အီရန်ကို ပြောဖို့ခက်ခဲပါတယ်။ တခြား စာချုပ်ထဲ ပါသူတွေကိုလည်း ညှိုနှိုင်းရေး စားပွဲဆီပြန်လာအောင်လုပ်ဖို့ မလွယ်ပါဘူး။ ဒီအချက်ကို Trump နားဝင်အောင် Macron ကရှင်းပြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ တော်တော်တော့ ခက်ခဲပါလိမ့်မယ်။ ဒီကိစ္စနဲ့ ပါတ်သက်လို့ သမ္မတ Trump ကိုစည်းရုံးနိုင်မယ်လို့ ဥရောပတိုက်သားတွေက သိပ်တော့ ထင်မထားကြပါဘူး။"

သမ္မတ Trump နဲ့ သမ္မတ Macron တို့ကြား အီရန်ကိစ္စအပြင် လုံခြုံရေး။ ကုန်သွယ်ရေးနဲ့ ဆီးရီးယားအရေးတွေကိုလည်း ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။ အင်္ဂါနေ့ ညဖက်ညကျရင်တော့ သမ္မတ Trump က ပြင်သစ်သမ္မတကို အိမ်ဖြူတော်မှာ နိုင်ငံတော် ညစာနဲ့ တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။ သမ္မတ Macron ရဲ့ အမေရိကန် ခရီးစဉ် ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန်လွှတ်တော်မှာ အင်္ဂလိပ်ဘာသာနဲ့ မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။ ၂ နိုင်ငံကြား ရင်းနှီးတဲ့ ဆက်ဆံရေး အပြန်အလှန်လေးစားမှုနဲ့ အမေရိကန်ပြည်ထောင်စု အပေါ် ချစ်ခင်မှုတို့ကို အလေးထားပြောမှာဖြစ်တယ်လို့ Elysee နန်းတော်က ထုတ်ပြန်ထားပါတယ်။ ဒါတင်မက အမေရိကန် လူငယ်တွေနဲ့ ထိတွေ့တဲ့အနေနဲ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာပဲ George Washington တက္ကလိုလ်မှာ ကျောင်းသားလူငယ်တွေနဲ့ Town Hall တွေ့ဆုံပွဲပြုလုပ်ပြီး ပြင်သစ်သမ္မတ Macron က အပြန်အလှန်မေးခွန်းတွေကို ဖြေကြားဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG