သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် လူ့အခွင့်အရေးချိုးဖောက်မှု အမေရိကန် အစီရင်ခံစာအပေါ် အကဲခတ်တွေအမြင်


ရခိုင်ပြည်နယ်ကနေ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတဲ့အထိ လုံခြုံရေးတပ်ဖွဲ့တွေက ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အစီရင်ခံစာသစ်တစောင် ထုတ်ပြန် ပြောဆိုလိုက်တဲ့အတွက် မြန်မာစစ်တပ်အပေါ် ဖိအားတွေ တိုးလာမယ်လို့ အကဲခတ်တွေ ခန့်မှန်းနေကြပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့တုန်းက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ရိုဟင်ဂျာတွေအပေါ် ကျုးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်မှာ အဓိကတာဝန်ရှိကြောင်း စွပ်စွဲထားတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြီးခဲ့တဲ့နှစ်ထဲ စစ်ဆင်ရေးတွေမှာ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတဲ့အထိ မြန်မာစစ်တပ်က ရည်ရွယ်ချက်ရှိရှိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာသစ်က ဖော်ပြထားတာ ဖြစ်ပါတယ်။ လူပေါင်း တထောင်လောက်ကို မေးမြန်းပြုစုထားတဲ့ အစီရင်ခံစာမှာတော့ မြန်မာစစ်သားတွေက ကလေးတွေ အပါအဝင် လက်နက်မဲ့ အမျိုးသားတွေကို ပစ်သတ်ပြီး၊ အစုလိုက်အပြုံလိုက် မြှုပ်နှံတာတွေ၊ မီးရှို့ပစ်တာတွေ၊ အမျိုးသမီးတွေ ဆိုရင်လည်း အုပ်စုလိုက်အဓမ္မပြုကျင့်တာတွေ အပါအဝင် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း စွပ်စွဲထားတာပါ။

ဒီအစီရင်ခံစာဟာ ဒီလ ၁၈ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အပြီးသတ် အစီရင်ခံစာကို ပိုမိုခိုင်မာစေပြီးမန်မာတပ်မတော် ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC တင်ဖို့အတွက် ပိုမိုဖိအားတွေဖြစ်ပေါ်လာဖွယ်ရှိကြောင်း ညီမျှခြင်းမြန်မာ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

"ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ Fact finding Missions ကလည်း ဒါတွေကို ထောက်ပြထားတယ်။ တခါထပ်ပြီးတော့ သီးသန့် အမေရိကန်အစိုးရက ထပ်လုပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကလည်း ဒီအချက်တွေနဲ့ ကွဲလွဲတာမရှိဘူး ထပ်ပြီးတော့ တွေ့တယ်ဆိုတော့ အရေးယူဖို့အတွက်ပိုပိုများလာတယ်။ အထူးသဖြင့် စစ်တပ်က ကျူးလွန်မှုတွေ ပိုများတယ်ဆိုတဲ့ထောက်ပြချက်က အခုနိုင်ငံတကာကပြောနေသလိုပဲ စစ်တပ်မှာ တာဝန်ရှိသူတွေကို ICC သို့မဟုတ် နိုင်ငံတကာ တရားစီရင်မှုအပိုင်းကို လွဲပြောင်းပေးဖို့ဆိုတဲလမ်းကို တွန်းအားပေးဖို့သေချာနေတာ ဖြစ်သွားနိုင်ပါတယ်။"

အမေရိကန်အစိုးရရဲ့ အစီရင်ခံစာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းထားတာဖြစ်ပြီး မြန်မာပြည်တွင်းက အခြေအနေတွေ မပါဝင်တဲ့အတွက် ပြည့်စုံမှုရှိတယ်လို့ မပြောနိုင်ကြောင်းလည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာဖိအားတွေကို လျှော့ချဖို့ဆိုရင် လက်ရှိအခြေအနေမှာ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ဦးအောင်မျိုးမင်းက အခုလို ဆက်လက် ထောက်ပြပါတယ်။

"အခုအထိကတော့ ကျနော်တို့ ICC ကိုလွဲဖို့အတွက် အသံတွေထွက်နေပေမယ့် ICC ကလက်ခံမယ်လို့ပြောနေပေမယ့် သွားနိုင်မယ့်လမ်းကြောင်းက အသေချာကြီးတော့ မရသေးဘူးခင်ဗျ။ ဒါပေမယ့် နိုင်ငံတကာက ဘာကိုပြောနေသလဲဆိုတော့ ICC မတင်ခင်မှာလည်း စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နိုင်တဲ့ ယန္တယားတခု ထပ်ပြီးတော့ ဖော်ဆောင်ပေးလို့ ရတယ်ဆိုတဲ့ အသံမျိုးကတော့ ထပ်ထွက်လာတယ်။ ဒါကတော့ နောက်ဆုံးအနေနဲ့ အစိုးရကို ပူးပေါင်းဆောင်ရွက်ပါလို့ ပြောထားတဲ့အရာမျိုး အဲလိုသဘောမျိုးသက်ရောက်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်ခင်ဗျ။"

မြန်မာအစိုးရကတော့ နိုင်ငံတကာက ပြောဆိုနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် သီးခြားလွတ်လပ်တဲ့ ကော်မရှင်တရပ်ကို ဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့အစည်းမှာ ပြည်ပက နိုင်ငံခြားသံတမန် ၂ဦးနဲ့ မြန်မာပညာရှင် ၂ဦး ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကတော့ နိုင်ငံတကာ ဖိအားတွေ ကြီးထွားလာနေချိန်မှာ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ကြား ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။ နိုင်ငံတကာဖိအားတွေ လျော့ချရေး ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေနဲ့ ပတ်သက်လို့လည်း အခုလို ပြောဆိုပါတယ်။

"ကျနော့်အမြင်ကတော့ ICC နဲ့ ပတ်သက်ရင် ဒါက ကုလလုံခြုံရေးကောင်စီရဲ့ သဘောတူညီချက်ကြားမှာ ဆောင်ရွက်နိုင်မယ့်အနေအထားမျိုး ရှိနေတာကိုလည်း တွေ့ရတယ်။ အဲဒီအခါကျတော့ အဓိကတော့ ကုလလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေနဲ့ အလှည့်ကျအဖွဲ့ဝင် နိုင်ငံတွေကြားမှာ မြန်မာနိုင်ငံအနေနဲ့ သံခင်းတမန်ခင်းအရပေါ့လေ ထိထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ဆက်သွယ်ဆောင်ရွက်နိုင်ဖို့က အရေးကြီးတယ်လို့ မြင်တယ်။ တဖက်ကလည်း မြန်မာအစိုးရကဖွဲ့စည်းတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို အရှိန်အဟုန်မြှင့်ပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ ယုံကြည်မှုရရှိအောင်ဆောင်ရွက်နိုင်ဖို့ အဲဒီ ၂ ခုကို ဟန်ချက်ညီညီဖော်ဆောင်နိုင်ဖို့ ပိုပြီးတော့ အရေးကြီးမယ်လို့ မြင်တယ်။"

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်ထဲ လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာက ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း အမေရိကန်နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို၊ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲနေတဲ့အထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ကျုးလွန်သူတချို့ကိုလည်း စုံစမ်းဖော်ထုတ် အရေးယူမှုတွေ ရှိခဲ့ကြောင်းလည်း တုံ့ပြန်ပြောဆိုထားပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ အချုပ်အခြာအာဏာကို စွက်ဖက်တဲ့အခြေအနေအပေါ် လက်ခံမှာမဟုတ်ကြောင်း ဒီလ ၂၃ရက်နေ့ လားရှိုးတပ်နယ် မိသားစုနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG