သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဌာန လူ့အခွင့်အရေးအစီရင်ခံစာ ဘာတွေထောက်ပြလဲ


ကန်နိုင်ငံခြားရေးဌာန လူ့အခွင့်အရေးအစီရင်ခံစာ
ကန်နိုင်ငံခြားရေးဌာန လူ့အခွင့်အရေးအစီရင်ခံစာ

၂၀၁၇ ခုနှစ်အတွင်းက ရခိုင်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့စုံစမ်းမှုတွေအရ လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေ ကို ပစ်မှတ်ထားပြီး လူမျိုးစုလိုက်ရှင်းလင်းဖယ်ရှားမှုတွေ လုပ်ခဲ့တဲ့ အထောက်အထားတွေ ထပ် ရရှိထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီနှစ် နှစ်ပတ်လည်လူ့အခွင့်အရေးအစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အစီရင်ခံစာဟာ မြန်မာအရပ်သားအစိုးရနဲ့ ကျူးလွန်သူလုံခြုံရေးအာဏာပိုင်တွေကို သီးခြားခွဲထုတ် ထားတဲ့သဘောတွေ့ရပြီး၊ Genocide ဆိုတဲ့ မျိုးတုံးသတ်ဖြတ်မှုစကားလုံးကိုတောင် သတိထား ရှောင်သုံးထားတာတွေ့ရတယ်လို့ မြန်မာ့လူ့အခွင့်အရေး ဦးဆောင်လှုပ်ရှားသူတဦးက ရှုမြင်ပါတယ်။ Equality Myanmar ညီမျှခြင်းမြန်မာရဲ့ အမှုဆောင်ညွန်ကြားရေးမှုး ဦးအောင်မျိုးမင်းကို ဗွီအိုအေ အဖွဲ့သား ကိုရန်နိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဒီအစီရင်ခံစာထဲမှာ အဓိကတော့ မြန်မာစစ်တပ်က ရိုဟင်ဂျာ တွေအပေါ်မှာ လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားတယ်ဆိုပြီးတော့ ပြစ်မှုကျူးလွန်တဲ့ သက်သေအထောက်အထားတွေ တွေ့ရတယ်ဆိုပြီးတော့ ပြောတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဘာများပြောလိုပါသလဲ သူတို့သက်သေအထောက်အထားတွေရော ဘယ်လောက်အထိ ခိုင်မာတဲ့ အနေအထားမျိုးမှာရှိတယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ ဒီလိုမျိုးလာရောက်စုံစမ်းတဲ့ နိုင်ငံတကာအဖွဲ့တွေ တခြားစုံစမ်းစစ်ဆေးမှုအဖွဲ့တွေကို ပြည်တွင်းမှာ ခွင့်ပြုခြင်းမရှိတဲ့အတွက် ဘယ်လောက်အထိ သတင်းတွေ ခိုင်မာမှုရှိသလဲဆိုတာ ကျနော်တို့ လေ့လာလို့မရပါဘူး။ သူတို့ကတော့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ လူတွေရဲ့ အဖြစ်အပျက်ကို ကိုးကားပြီးတော့ ပြောပြထားတယ်။ ရခိုင်ဒေသမှာ ခုနလိုမျိုးလူမျိုးနွယ်တခုအပေါ်မှာ ၊ ဒါမှမဟုတ် လူအုပ်စုတစုအပေါ်မှာ ပစ်မှတ်ထား ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေတယ်ဆိုတဲ့အချက်ကတော့ တကယ့်ကို ကျယ်ကျယ်လောင်လောင်ဖြစ်လာတယ်။ သွားရောက်တွေ့ဆုံသူတွေကလည်း ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ တကယ်တမ်းဖြစ်ပါတယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထား ရှိတယ်ဆိုတာ သွားတဲ့အဖွဲ့တိုင်းကလည်းပြောနေပါတယ်။

မေး။ ။ လူ့အခွင့်အရေးအဖဲ့ွတွေ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ ပြောနေတာက ဒါနဲ့ ပတ်သက်ပြီးတော့ လူမျိုးတုန်းသတ်ဖြတ်မှု ဆိုပြီးတော့ ပြောတာတွေ ရှိပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လူ့အခွင့်အရေး အစီရင်ခံစာမှာတော့ လူမျိုးတုံး သတ်ဖြတ်မှုဆိုတဲ့ အဆင့်ကို သတ်မှတ်ဖော်ပြသွားခြင်းတော့မရှိဘူး ၊ လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားတယ်ဆိုတာပဲပြောသွားတယ်ဆိုတော့ ဒီအပေါ်မှာရော ဘယ်လိုမြင်မိပါသလဲ။

ဖြေ။ ။ Genocide ဆိုတဲ့ လူမျိုးတုံး သတ်ဖြတ်မှုဆိုတဲ့စကားကို ဒီအစီရင်ခံစာမှာ သေသေချာချာ ဂရုစိုက်ပြီးတော့ မသုံးထားတာ တွေ့ရပါတယ်။ ဆိုလိုတဲ့အချက်က ဘာလဲဆိုရင် လက်ရှိမြန်မာနိုင်ငံအစိုးရကို စစ်ရာဇဝတ်ကောင်အဖြစ် အတိအကျကြီး ဆိုးဆိုးဝါးစွပ်စွဲတဲ့ အဆင့်အထိကို သူတို့မသွားသေးဘူး။ ဒါပေမယ့် ဖြစ်လာနိုင်တယ်ဆိုတဲ့ ကိစ္စရယ်၊ နောက်တခါ လူဦးရေ အမြောက်အများအပေါ်မှာ လူသားချင်းစာနာမှုမရှိပဲနဲ့ ကျူးလွန်တယ်ဆိုတဲ့ အမှုလောက်ရယ်မျိုးပဲ သူတို့ သတ်မှတ်ထားတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ အမှန်တရားကို ဖော်ဆောင်နိုင်ဖို့ ပြီးရင် ဒီလိုမျိုး ဆိုးဝါးတဲ့ လူ့အခွင့်အရေးကိစ္စတွေကို အမှန်တကယ် စိတ်ရင်းစေတနာအမှန်နဲ့ စုံစမ်းစစ်ဆေးပြီး တရားဥပဒေဆောင်ကျဉ်းနိုင်ဖို့ အတွက် သူတို့အနေနဲ့ ဆက်လက်ပြီး စောင့်စားနေတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် သို့မဟုတ် နိုင်ငံတကာနဲ့ လက်တွဲလုပ်ဆောင်ပြီးတော့ အမှန်တရားကို ဖော်ဆောင်နိုင်ဖို့အတွက် မျှော်လင့်နေသေးတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ကျနော်တို့ သက်ရောက်နေတာ တွေ့ရပါတယ်။

မေး။ ။ ဒီအစီရင်ခံစာကြောင့်ရော နှစ်နိုင်ငံ ဆက်ဆံရေးကိုရော ထိခိုက်နိုင်ပါသလား။ အမေရိကန်ရဲ့ နိုင်ငံခြားရေး မှုဝါဒကို ကြည့်မယ်ဆိုရင် အမြဲတမ်း လူ့အခွင့်အရေးကို အခြေခံပြီးတော့ ရေးသားပါတယ်။ ဒါကြောင့် ဒီအစီရင်ခံစာက နိုင်ငံတခုရဲ့ သံတမန်ရေး ၊ ဖွံ့ဖြိုးရေးစီမံကိန်း ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်လို့ လေ့လာစရာ စံချိန်တခုဖြစ်ပါတယ်။ ဆိုတော့ အခုလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တယ်။ ပြည်သူလူထုရဲ့အခြေခံ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေ သတင်းမီဒီယာတွေ ရရှိခွင့်ဆိုတဲ့ အခြေခံ အခွင့်အရေးတောင်မှ ထိခိုက်မှုတွေ ပိုမိုများပြားလာတယ်ဆိုတဲ့အချက်က အမေရိကန်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အထူးသဖြင့် နိုင်ငံခြားအကူအညီအထောက်ပံ့ရယ် နောက်တခါ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးတော့ လုပ်ဖို့အတွက်က မျက်ခုံးတွန့်စရာ ၊ သိပ်ပြီးတော့ ပျော်ပျော်ရွင်ရွင်နဲ့ လာရောက်ပြီးတော့ ကမ်းလှမ်းမယ့်အခြေအနေမျိုးတော့ ရှိလာမှာတော့ မဟုတ်ပါဘူး။

ဖြေ။ ။ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ၊ ဒီလို လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရဘက်က တုံ့ပြန်ဆောင်ရွက်တဲ့အခြေအနေတွေကိုလည်း အားရကျေနပ်မှုမရှိဘူးဆိုပြီးတော့ ပြောထားပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရအနေနဲ့ရော ဘာတွေ လုပ်ဖို့ လိုမယ်လို့ မြင်မိပါသလဲ။ ဒီလိုမျိုးလူ့အခွင့်အရေးကိစ္စတွေ ချိုးဖောက်နေတာ စစ်တပ်မှာ ပါဝင်သူတွေ စစ်တပ်ခေါင်းဆောင်တွေက ကျူးလွန်တယ်ဆိုတာ ပြောပြီးတော့ မြန်မာအစိုးရကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကိုင်တွယ်ဖြေရှင်းရာမှာ အားနည်းတယ်လို့ ထောက်ပြထားတာ သူတို့ တမင်သပ်သပ် ခွဲထားတဲ့ သဘောမျိုးလေး တွေ့ ပါတယ်။ ဒီအစိုးရအနေနဲ့ ဒီလိုကိစ္စတွေမှာ ပြောသမျှ လက်ခံတာတော့ မဟုတ်ပေမယ့် နိုင်ငံတကာနဲ့ တတ်နိုင်သရွေ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ တကယ့်ကို လူ့အခွင့်အရေး အမှန်တကယ်လေးစားပြီး လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပြီး ၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ထိရောက်စွာအရေးယူတဲ့ လုပ်ငန်းစဉ်တွေ လုပ်ပြဖို့ လိုအပ်ပါပြီ။ ပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှု ၊ နိုင်ငံတကာရဲ့ ပြန်လည်လေးစားမှုကို တည်ဆောက်ဖို့အတွက် အရမ်းအရေးကြီးနေပါပြီ။

Equality Myanmar ညီမျှခြင်းမြန်မာရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းကို ဗွီအိုအေ အဖွဲ့သား ကိုရန်နိုင် ဆက်သွယ်မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG