သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တွင်း ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ပိုကန့်သတ်မယ့်အဆို ပြင်ဆင်နေ


 ပြည်တွင်းလုံခြုံရေးဌာန ဝန်ကြီး Kirstjen Nielsen
ပြည်တွင်းလုံခြုံရေးဌာန ဝန်ကြီး Kirstjen Nielsen

အမေရိကန်နိုင်ငံတွင်းမှာ အဟာရ၊ ဆေးဝါး၊ နေအိမ် စသဖြင့် အစိုးရ ထောက်ပံ့ကူညီရေးအစီအစဉ်တွေယူထားတဲ့ ရွှေ့ပြောင်းဝင်ရောက်နေထိုင်သူတွေကို တရားဝင်အမြဲတမ်းနေထိုင်ခွင့်ကန့်သတ်မယ့် အဆိုပြုချက်တခု အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနက စနေနေ့နှောင်းပိုင်းက ကြေညာလိုက်ပါတယ်။

ရွှေ့ပြောင်းလာသူတွေအနေနဲ့ ကိုယ့်ကိုကိုယ် မှီခိုအားထားလာစေဖို့နဲ့၊ ဒီရွှေ့ပြောင်းသူတွေကြောင့် အခွန်ထမ်း အမေရိကန်ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့အတွက် အခုလို ဆောင်ရွက်တာဖြစ်တယ်လို့ ပြည်တွင်းလုံခြုံရေးဌာန ဝန်ကြီး Kirstjen Nielsen က ပြောပါတယ်။ ဒီ အဆိုပြုချက် ဥပဒေဖြစ်ဖို့ကတော့ လွှတ်တော်ရဲ့ အတည်ပြုချက်တော့ လိုပါတယ်။ ဒီ အဆိုပြုချက်အရဆိုရင် အစိုးရအထောက်အပံ့ယူထားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုအတွင်း အမြဲတမ်းနေထိုင်ခွင့် Greecard ရဖို့ ပိုပြီး ခက်ခဲသွားအောင် လုပ်ထားပါတယ်။

တဦးချင်းရဲ့အသက်အရွယ် ကျန်းမာရေး လူမှုရေး စသည့် ရပ်တည်မှုအနေအထားအရ အစိုးရအပေါ် ရေရှည်မှီခိုနေရမယ့်သူတွေကို “ Public Charge” လူထုအတွက် ဝန်ပိစေတဲ့လူတွေဆိုပြီး လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက သတ်မှတ်လိုက်ရင်၊ ဒီလူတွေကို ပြည်ဝင်ခွင့်မပေးတာ ဒါမှမဟုတ် အမြဲတမ်းနေထိုင်ခွင့်မပေးတာ လုပ်နိုင်တယ်ဆိုတဲ့ စည်းမျဉ်း မူလက ရှိထားပြီးသားပါ။

ဒါဟာ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်လာပြီး အစိုးရအထောက်အပံ့ယူထားတဲ့ လူတိုင်း၊ အစိုးရအထောက်အပံ့ရဖို့လိုအပ်တဲ့ လူတိုင်းအတွက်တော့ အကျုံးမဝင်ခဲ့ပါဘူး။ ဒါပေမယ့် အခု စည်းမျဉ်းသစ်အရဆိုရင်တော့ Public Charge သတ်မှတ်မှုက ပိုကျယ်ပြန့်လာပြီး၊ အစိုးရအထောက်အပံ့ယူမယ့်သူတွေပါ အကျုံးဝင်လာပါတယ်။ ဒီ စည်းမျဉ်းသစ် အသေးစိတ်ကိုတော့ လာမယ့် သီတင်းပတ်တွေအတွင်း တရားဝင် ချပြမှာဖြစ်ပြီး၊ လူထုအနေနဲ့ ရက် ၆၀အတွင်းမှာ ဒီအပေါ်မှာ သဘောထားမှတ်ချက်တွေ ပေးပို့ကြဖို့ကိုလည်း အစိုးရက တောင်းခံထားပါတယ်။

XS
SM
MD
LG