သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ကုန်သွယ်ရေးဌာနရဲ့ပို့ကုန်ကန့်သတ်မှု ရုရှားဒရုန်းထုတ်လုပ်ရေးကိုထိခိုက်


အီရန်ဒီဇိုင်း တိုက်ခိုက်ရေးဒရုန်းတွေ ထုတ်နေတယ်လို့သံသယရှိတဲ့ ရုရှားစက်ရုံတခုအတွက် အနောက်နိုင်ငံတွေရဲ့ လျှပ်စစ်ပစ္စည်းတွေ တရားမဝင်လွှဲပြောင်းရယူမှု တားမြစ်ဖို့ကြိုးစားရာမှာ အောင်မြင်မှုတွေရလာတယ်လို့ အမေရိန်နဲ့ ယူကရိန်းသုတေသီတွေက ပြောကြပါတယ်။

ရုရှားဟာ Alabuga အထူးစီးပွားရေးဇုံမှာ တိုက်ခိုက်ရေးဒရုန်းတွေထုတ်လုပ်တဲ့စက်ရုံအတွက် လိုအပ်တဲ့ ပစ္စည်းပစ္စယတွေကို အီရန်ဆီက လက်ခံယူခဲ့တယ်လို့ အမေရိကန်ထောက်လှန်းရေးသတင်းတရပ်ကို သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။ ယူကရန်းကို တိုက်ခိုက်ဖို့အတွက် သူ့ကိုယ်ပိုင်အရင်းအမြစ်တွေသုံးပြီး ဒရုန်းတွေ ထုတ်လုပ်နေတယ်လို့ ရုရှားက ပြောထားတာပါ။

အီရန်ဘက်ကတော့ ၂၀၂၂ ဖေဖော်ဝါရီလ ယူကရိန်းကျူးကျော်စစ်မတိုင်ခင်ကပဲ ရုရှားကို ဒရုန်းတွေ ထောက်ပံ့ခဲ့ဖူးတယ်လို့ ပြောပါတယ်။ Alabuga စက်ရုံနဲ့ပတ်သက်လို့ ဗွီအိုအေက မေးမြန်းစုံစမ်းမှုကို ဝါရှင်တန်မှာရှိတဲ့ရုရှားသံရုံးကရော နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာအီရန်ကိုယ်စားလှယ်ရုံးကပါ တုံ့ပြန်ဖြေဆိုမှုမရှိပါဘူး။ ဒရုန်းစက်ရုံလို့ သံသယရှိတဲ့ Alabuga စက်ရုံနဲ့ ဆက်နွယ်ပတ်သက်တဲ့ ရုရှားကုမ္ပဏီ ၁၁ ခုကို အမေရိကန်ကုန်သွယ်ရေးဌာနက ပို့ကုန်ထိန်းချုပ်မှုစာရင်းထဲ ဒီဇင်ဘာ ၆ ရက်နေ့တုန်းက ထည့်သွင်းခဲ့တယ်လို့ သုတေသီတွေက ထောက်ပြပါတယ်။

ဖေဖော်ဝါရီလထဲမှာတော့ အဲဒီ ကန့်သတ်ထိန်းချုပ်မှုမှာ စာရင်းပါ ရုရှားနဲ့အီရန်ကုမ္ပဏီတွေ အသုံးပြုနေတဲ့ တပိုင်းလျှပ်ကူးပစ္စည်းတွေနဲ့ ဒရုန်းထုတ်လုပ်မှုမှာသုံးတဲ့ပစ္စည်းတွေလည်း ပါဝင်လာတယ်လို့ ကုန်သွယ်ရေးအရာရှိတွေက ပြောခဲ့ပါတယ်။ ဝါရှင်တန်အခြေစိုက် သိပ္ပံနဲ့နိုင်ငံတကာလုံခြုံရေးသုတေသနအဖွဲ့ရဲ့ ဥက္ကဋ္ဌ David Albright ကတော့ အခုလို ရုရှားကုမ္ပဏီ ၁၁ ခုကို အရေးယူဖို့ သူ့အနေနဲ့ အမေရိကန်ကုန်သွယ်ရေးဌာနကို တိုက်တွန်းခဲ့ပြီး အခုလို ဆောင်ရွက်မှုဟာ တိုးတက်တဲ့လက္ခ ဏာတရပ်ဖြစ်တယ်လို့ သူက ယူဆပါတယ်။

ယူကရိန်းသမ္မတရုံး အကြီးအကဲရဲ့ အကြံပေးဖြစ်တဲ့ သုတေသီ Vladyslav Vlasiuk ကလည်း အခုလို အမေရိကန်အရေးယူမှုမှာ ရုရှားစစ်ဖက်စက်ရုံတွေကို ထိခိုက်စေတဲ့အတွက် ကြိုဆိုတဲ့အကြောင်းပြောပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးစလုံးအမြင်ကတော့ ဒီထက်ပိုပြီးလုပ်ဖို့ ဒီကုမ္ပဏီတွေကို အရေးယူဒဏ်ခတ်စာရင်းထဲထည့်ဖို့ အမေရိကန်အစိုးရအနေနဲ့ ဆောင်ရွက်ရေး တိုက်တွန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG