သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ ကန်ကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA လွှတ်တော်နှစ်ရပ်အတည်ပြု


နိုင်ငံတော်ကာကွယ်ရေးအသုံးစရိတ် ဥပဒေကြမ်း NDAA (Photo Courtesy : US House Armed Services )
နိုင်ငံတော်ကာကွယ်ရေးအသုံးစရိတ် ဥပဒေကြမ်း NDAA (Photo Courtesy : US House Armed Services )

အသုံးစရိတ် အမေရိကန်ဒေါ်လာ ၈၈၆ ဘီလီယံတန်ဖိုး အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA ကို အမေရိကန်အောက်လွှတ်တော်အမတ်တွေက ထောက်ခံမဲ ၃၁၀ ကန့်ကွက်မဲ ၁၁၈ မဲနဲ့ အတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် နှစ်စဉ် NDAA ဥပဒေကြမ်းအတည်ဖြစ်ဖို့ သမ္မတ လက်မှတ်ထိုးဖို့ပဲ ကျန်ပါတော့တယ်။

ကာကွယ်ရေးဌာနအတွက် ဦးစားပေးတဲ့ အသုံးစရိတ်မူဝါဒဖော်ပြတဲ့ ဒီ ၂၀၂၄ ဥပဒေကြမ်းဟာ ပြီးခဲ့တဲ့နှစ်ဥပဒေထက် ၃ ရာခိုင်နှုန်း ပမာဏအားဖြင့် ဒေါ်လာ ၂၈ ဘီလီယံ ထပ်တိုး တောင်းခံထားတာပါ။ တရုတ်၊ ရုရှား၊ အီရန်၊ မြောက်ကိုရီးယားနဲ့ ကမ္ဘာအဝှမ်းက အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှုကို အမေရိကန်နဲ့မဟာမိတ်တို့ အလျင်အမြန်ရင်ဆိုင်တုံ့ပြန်နိုင်ဖို့ NDAA ဟာ ယခင်ကထက်ပိုပြီး အသက်ပါတယ်လို့ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာအောက်လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ အောက်လွှတ်တော်အမတ် Mike Rogers က ပြောပါတယ်။

ဥပဒေကြမ်းထဲမှာတော့ အမေရိကန်စစ်ဖက်ဝန်ထမ်းတွေအတွက် လစာ ၅.၂ ရာခိုင်နှုန်းတိုးမြှင့်ပေးဖို့အပါအဝင် ယူကရန်းအတွက် လုံခြုံရေးအထောက်အပံ့ကို ၂၀၂၇ ခုနှစ်အထိ တိုးပေးဖို့၊ အမေရိကန် ဗြိတိန်နဲ့ ဩစတေးလျနိုင်ငံတွေကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်ဖို့ကိစ္စတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံအတွက်ဆိုရင် Burma ACT လို့သိကြတဲ့ မြန်မာဒီမိုကရေစီရေးအကူအညီပေးရေးအစီအစဉ်တွေကို ထည့်သွင်းထားတာပါ။ ဒီ ဥပဒေကြမ်းကို အထက်လွှတ်တော်မှာ ထောက်ခံမဲ ၈၇ မဲ ကန့်ကွက်မဲ ၁၃မဲနဲ့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကပဲ အတည်ပြုခဲ့ပါတယ်။ မူလဥပဒေကြမ်းပါအချက်တွေအပေါ် ရီပတ်ဘလီကန်အများစုရှိတဲ့ အောက်လွှတ်တော်မှာ ရှေးရိုးစွဲအယူအဆဆိုင်ရာပြင်ဆင်မှုတွေလုပ်ခဲ့ပါတယ်။ ဒီနောက် အထက်နဲ့အောက်လွှတ်တော်နှစ်ရပ်ကြား ပြန်လည်ညှိနှိုင်းပြီးနောက် အခုလို လွှတ်တော်နှစ်ရပ်မှာ မဲခွဲအတည်ပြုခဲ့ကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG