အမေရိကန်က အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားတဲ့ ဟာမတ်စ်အဖွဲ့နဲ့ ဖမ်းထားတဲ့ ဓားစာခံတွေအရေး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆွေးနွေးမှုတွေဟာ အလွန် အကျိုးရှိပြီး လာမယ့် သီတင်းပတ်တွေအတွင်း ဓားစာခံတွေ လွတ်မြောက်ရေးကို ဦးတည်နိုင်တယ်လို့ ဓားစာခံအရေးဆိုင်ရာ အမေရိကန်သမ္မတရဲ့ အထူးကိုယ်စားလှယ် Adam Boehler က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဓားစာခံအားလုံး လွတ်မြောက်လာစေမယ့် သဘောတူညီချက်တခုရှိမယ်လို့ ယူဆကြောင်း Boehler က CNN ရုပ်သံရဲ့ State of the Union အစီအစဉ်မှာ ပြောပါတယ်။
မျှော်လင့်ချက်တွေ ရှိကြောင်းနဲ့ ရေရှည်အပစ်ရပ်ရေး သဘောတူညီချက်မျိုးလည်း တွေ့လာရနိုင်ကြောင်း သူကပြောပါတယ်။
အစ္စရေးလ်နဲ့ စစ်ဖြစ်စေခဲ့တဲ့ အကြောင်းရင်းဖြစ်တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ ဟာမတ်စ်ရဲ့ တိုက်ခိုက်မှုအတွင်း ဓားစာခံ ဖမ်းခံခဲ့ရသူတွေထဲက အသက်ရှင်ကျန်ရစ်သူ ဓားစာခံ ၂၄ ဦးကို ထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ ယူဆထားကြပါတယ်။
ဒါ့အပြင် ဓားစာခံတွေထဲက တိုက်ပွဲတွေအတွင်း ဒါမှမဟုတ်လည်း ဖမ်းဆီးထားစဉ်အတွင်း သေဆုံးခဲ့ရသူ ၃၄ ဦးရဲ့ ရုပ်အလောင်းတွေနဲ့အတူ ၂၀၁၄ ခုနှစ်အတွင်း သေဆုံးခဲ့တဲ့ စစ်သားတဦးရဲ့ ရုပ်အလောင်းလည်း ဟာမတ်စ်က ထိန်းသိမ်းထားတာပါ။
ပါလက်စတိုင်း အကြမ်းဖက်အုပ်စုနဲ့ နောက်ထပ်တွေ့ဖို့ ရှိမရှိဆိုတာကိုတော့ အထူးကိုယ်စားလှယ် Boehler က ယတိပြတ် မငြင်းပါဘူး။
Forum