ဟာမတ်စ်ကိုယ်စားလှယ်အဖွဲ့ဟာ သောကြာနေ့က ကိုင်ရိုမြို့တော်ကို ရောက်ရှိခဲ့ပြီး ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ဒုတိယအဆင့်ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ အီဂျစ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေကြောင်း ဟာမတ်စ်ပြောရေးဆိုခွင့်ရှိသူနှစ်ဦးက ပြောပါတယ်။
ဟာမတ်စ် အကြံပေး ကောင်စီဥက္ကဋ္ဌ မိုဟာမက် အန်စမိုင်းလ် ဒါဝစ်ရှ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ရောက်နေကြောင်းကို ဟာမတ်စ်ပြောရေးဆိုခွင့်ရှိသူ ဟာဇမ် ကာဆမ်က စနေနေ့မှာ အတည်ပြုပါတယ်။ ဒီကိုယ်စားလှယ်အဖွဲ့က အာရပ်နိုင်ငံများရဲ့ အရေးပေါ် ထိပ်သီးအစည်းအဝေး ရလဒ်တွေကို အီဂျစ် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမယ် ဆိုပါတယ်။
ဒီဆုံးဖြတ်ချက်တွေကို ဘယ်လို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မလဲ ဆိုတာနဲ့ အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့် အတွက် လိုအပ်ချက်တွေကို အီဂျစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ကာဆမ်က ပြောပါတယ်။
တချိန်တည်းမှာပဲ အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) ရုံးရဲ့ စနေနေ့က ထုတ်ပြန်ချက်မှာတော့ ကာတာနိုင်ငံ ဒိုဟာမြို့တော်ကို အစ္စရေးကိုယ်စားလှယ် အဖွဲ့ တနင်္လာနေ့မှာ စေလွှတ်မယ်လို့ ဆိုပါတယ်။ “အမေရိကန် ကျောထောက်နောက်ခံ ပြုထားတဲ့ ကြားဝင်ဖျန်ဖြေပေးသူတွေရဲ့ ဖိတ်ကြားချက်ကို လက်ခံပြီး စေ့စပ်ညှိနှိုင်းမှုတွေ အရှိန်မြှင့်ဖို့အတွက် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မယ်” လို့ ထုတ်ပြန်ချက်မှာ ပါရှိပြီး တခြား အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ပါဘူး။
ဒီလို ဂါဇာ ငြိမ်းချမ်းရေး သံတမန်ရေး ဆောင်ရွက်ချက်တွေ ရှိနေချိန်မှာပဲ စနေနေ့အစောပိုင်းက တောင်ဘက်စွန်း ရာဖာ (Rafah) မြို့မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတစ်ခုကြောင့် ပါလက်စတိုင်းနှစ်ဦး သေဆုံးခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အစ္စရေးစစ်တပ်ကတော့ အဝေးထိန်း ဒရုန်းတွေ ပျံသန်းပြီး အစ္စရေးနိုင်ငံထဲကို ဝင်ဖို့ လုပ်နေတဲ့ အမျိုးသားတချို့ကို ထိမှန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တခါ ဟာမတ်စ်ပြောရေးဆိုခွင့်ရှိသူ နောက်တဦးဖြစ်တဲ့ အဗ္ဗဒူလ် လတစ်ဖ် အယ်လ်-ကာနူးရဲ့ ပြောဆိုချက်အရ အီဂျစ်နဲ့ ကာတာ နိုင်ငံတွေက ကြားဝင် စေ့စပ်ပေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်ဆွေးနွေးမှုတွေ စတင်နိုင်ဖို့ "အပြုသဘောဆောင်တဲ့ အရိပ်အယောင်တွေ" ရှိကြောင်း ပြောပါတယ်။
ဒုတိယအဆင့် ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ နည်းလမ်းတွေနဲ့ အရေးပေါ် အာရပ်ထိပ်သီးအစည်းအဝေး ရဲ့ ရလဒ်တွေ အကောင်အထည်ဖော်ရေး ဆွေးနွေးနေကြောင်းလည်း အယ်လ်-ကာနူး ထပ်မံအတည်ပြုပါတယ်။ ဟာမတ်စ်အနေနဲ့ ပါလက်စတိုင်းပြည်သူတွေရဲ့ တောင်းဆိုချက်တွေနဲ့ ကိုက်ညီတဲ့ ပုံစံနဲ့ ဒုတိယအဆင့်ဆွေးနွေးတွေမှာ ပါဝင်ဖို့ အသင့်ရှိကြောင်းလည်း ပြောပါတယ်။ ဂါဇာကမ်းမြောင်ကို အကူအညီတွေတိုးမြှင့်ပေးရေးနဲ့ ဂါဇာအပေါ်ပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့လည်း ဟာမတ်စ်က တောင်းဆိုပါတယ်။
အစ္စရေးတာဝန်ရှိသူတဦးရဲ့ စနေနေ့က အစ္စရေးမီဒီယာတွေကို ဖြေကြားချက်မှာတော့ ဒုတိယအဆင့်ဆွေးနွေးမှုတွေ စတင်နိုင်ဖို့ ဟာမတ်စ်နဲ့ ညှိနှိုင်းမှုတွေမှာ တိုးတက်မှု ရှိ၊ မရှိ မသိရှိကြောင်း ပြောပါတယ်။
အီဂျစ်၊ ကာတာနဲ့ အမေရိကန်ပြည်ထောင်စုတို့က ကြားဝင် ဖျန်ဖြေမှုနဲ့ အစ္စရေးနဲ့ ဟာမတ်စ်အကြား အဆင့်သုံးဆင့်ပါ ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တရပ်ကို ဇန်နဝါရီ ၁၉ ရက်မှာ စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒါပေမယ့် ၄၂ ရက် ကြာ ပထမ အဆင့် အပစ်ရပ်စဲရေးက မတ်လ ၁ ရက် မှာ သက်တမ်း ကုန်ဆုံးခဲ့ပြီးနောပ်မှာ ဒုတိယအဆင့်ဆွေးနွေးမှုတွေက ရပ်တန့်နေဆဲဖြစ်ပါတယ်။
အင်္ဂါနေ့တုန်းကတော့ အီဂျစ်နိုင်ငံက အရေးပေါ်အာရပ်ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး ပါလက်စတိုင်းတွေ ပြောင်းရွှေ့ခံရမှုကနေ ကာကွယ်ဖို့ ရည်ရွယ်ပြီး အမေရိကန်ဒေါ်လာ ၅၃ ဘီလီယံတန် ဂါဇာပြန်လည်တည်ဆောက်ရေးအစီအစဉ်ကို အဆိုပြုခဲ့ပါတယ်။ ဒါပေမယ့် ဒီအစီအစဉ် လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ ရန်ပုံငွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရရှိနိုင်ရေးက ဂါဇာကမ်းမြောင်မှာ ရေရှည်ခံမယ့် ထာဝရ အပစ်အခတ်ရပ်စဲရေးလိုအပ်နေပါတယ်။
Forum