သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကို မစ်ဇိုင်းဒုံးနဲ့ပစ်မယ့် အစီအစဉ် မြောက်ကိုရီးယားဆိုင်းငံ့


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက ဂွမ် ကျွန်းကို ဒုံးကျည်နဲ့ပစ်လွှတ် တိုက်ခိုက်မယ့် အစီအစဉ်ကို ဆိုင်းထားတဲ့အကြောင်း မြောက်ကိုရီးယား အစိုးရသတင်းမှာ ကြေညာလိုက်တဲ့အပေါ် ပစိဖိတ်သမုဒ္ဒရာထဲက အမေရိကန်ပိုင် ဂွမ်ကျွန်းမှာရှိတဲ့ အစိုးရ အရာရှိတွေက ကြိုဆိုလိုက်ကြပါတယ်။

တင်းမာမှုကို ဖြေရှင်းဖို့ကြိုးစားရာမှာ စစ်ရေးနည်းမဟုတ်တဲ့ နည်းလမ်းမျိုးစုံ ရှာကြံ သုံးခဲ့ပြီးတဲ့ အလျောက် မြောက်ကိုရီးယားဘက်က အခုလို ဆိုင်းငံ့လိုက်တာကြောင့် ဂွမ်ကျွန်းမှာရှိတဲ့ အစိုးရ အရာရှိတွေ အတွက်တော့ ဒါက အားတက်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဂွမ်ကျွန်းကို ပစ်ခတ်မယ့်အစီအစဉ်ကို မြောက်ကိုရီးယားက ဆိုင်းငံ့တယ် ဆိုရုံနဲ့ ခြိမ်းခြောက်မှုကတော့ ပြောင်းမသွားဘူးလို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

ပစ်ခတ်မယ့်အစီအစဉ်ကို အခု ဆိုင်းငံ့ထားတယ် ဆိုပေမဲ့ တကယ်လို့ ကိုရီးယားကျွန်းဆွယ်မှာ သိပ်ပြီးတော့ အန္တရာယ်ဖြစ်စေနိုင်တဲ့ မဆင်မခြင်လုပ်ရပ်မျိုးကို အမေရိကန်က ထပ်ပြီးတော့ လုပ်ဆောင်လာမယ် ဆိုရင် စီစဉ်ထားတဲ့အတိုင်း ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်သွားမယ်လို့ ကင်မ်ဂျုံအွန်းက ပြောဆိုတဲ့အကြောင်းလည်း မြောက်ကိုရီးယား အစိုးရသတင်းမှာ ကြေညာခဲ့တာပါ။

ဒီအတောအတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကတော့ - မြောက်ကိုရီးယားရဲ့ နျူကလီးယား ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှုတွေကို ဟန့်တားရေးဟာ ထိပ်တန်း ဦးစားပေး ဆောင်ရွက်သွားရမယ့်ကိစ္စ ဖြစ်တယ်ဆိုတာကို သူ နဲ့ အမေရိကန်သမ္မတ Donald Trump နှစ်ဦးစလုံးက သဘောတူကြတဲ့အကြောင်း ပြောပါတယ်။ အမေရိကန်သမ္မတနဲ့ ဒီကနေ့ ဖုန်းပြောချိန်မှာ အဲဒီလို တသဘောတည်းရှိကြောင်း ပြောခဲ့ကြတာဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် အာဘေးက တိုကျိုမြို့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG